အေအေလျှောက်လှမ်းနေတဲ့ နိုင်ငံရေးလမ်းစဉ်က ဘာလဲ

By Development Media Group (DMG)/ 2021 November 25

ဆောင်းပါးအနှစ်ချုပ်

ဤဆောင်းပါးတွင် လက်ရှိ AA သွားနေသည့် ရခိုင့်နိုင်ငံရေးလမ်းစဉ်နှင့် လူထုပါဝင်မှု၊ လူထုနှင့် AA မျှော်လင့်ထားသော အဆင့်မြင့်အိပ်မက် ကွန်ဖက်ဒရိတ်အကြောင်းနှင့် ရခိုင်အမျိုးသားနိုင်ငံရေးနှင့် လက်ရှိမြေပြင်အခြေအနေများကိုနှိုင်းယှဉ်ပြီး ခန့်မှန်းတွက်ဆရေးသားထားခြင်းဖြစ်သည်။

နိဒါန်း

“ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး”ဆိုသည့် စကားလုံးများဖြင့် ခေတ်အဆက်အဆက် မြန်မာအာဏာပိုင်တို့က တိုင်းရင်းသားဒေသများကို လက်ဝါးကြီးအုပ်စိုးထားသည်။

ဥပမာအားဖြင့် ကချင်တွင် ကျောက်စိမ်း၊ ရွှေထွက်သည်။ ရခိုင်တွင် ရေနံ၊ ဓာတ်ငွေ့ထွက်သည်။ သို့သော်လည်း ထိုဒေသခံပြည်သူတို့မှာ အကျိုးခံစားခွင့်မရှိဘဲ ဆင်းရဲမွဲတေမှုနှင့် ဒုက္ခရောက်နေကြသည်။ ပြည်ထောင်စုဆိုသည့်ခေါင်းစဉ်အောက်တွင် ရရှိလာသော သယံဇာတအခွန်အခများကို တခြားပြည်နယ်နှင့် တိုင်းများအတွက်ပါ ဘတ်ဂျက်ခွဲဝေပေးရခြင်းမျိုးပင် ဖြစ်ပေသည်။

ထိုသို့ အာဏာပိုင်တို့၏ ဗဟိုအုပ်ချုပ်မှုစနစ်ဖြင့် နိုင်ငံ့အကျိုးစီးပွားအရေးအရာများကို လက်ဝါးကြီးအုပ်စိုးထားမှုကြောင့် မြန်မာနိုင်ငံသည် ယမ်းငွေ့ဝေသောတော်လှန်ရေးပဋိပက္ခတို့ကို ဖြတ်ကျော်လာခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော်လာနေပြီဖြစ်သည်။

ပြည်မနှင့်တောင်တန်း တန်းတူအခွင့်အရေး၊ တိုင်းရင်းသားအားလုံး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးတို့အတွက် ကချင်၊ ကယား၊ ကရင်၊ မွန်၊ ရှမ်း စသည့်လက်နက်ကိုင်အင်အားစုများက ခေတ်အဆက်ဆက်အစိုးရကို လက်နက်ကိုင်လမ်းစဉ်အတိုင်း တော်လှန်နေကြသည်။

ပုံမှန်ထက် တော်လှန်ရေးရည်မှန်းချက် တစ်ဆင့်မြင့်လာ

ယင်းသို့ လက်ရှိတွင် ဝါရင့်အင်အားကြီးလက်နက်ကိုင်တော်လှန်ရေးအင်အားစုတို့က တန်းတူရေး၊ ဖက်ဒရယ်ဒီမိုကရေစီဟု ကြွေးကြော်နေချိန်တွင် အားလုံးသောလက်နက်ကိုင်အင်အားစုတို့ နိုင်ငံရေးရည်မှန်းချက်ထက် သာလွန်အဆင့်မြင့်သည့် ကွန်ဖက်ဒရယ်ရှင်းဟု အသံတစ်သံထွက်လာနေသည်။

ထိုအိပ်မက်ကို အသံထွက်လာသည်မှာ မြန်မာနိုင်ငံအနောက်ဘက်ဒေသမှ ရက္ခိုင့်တပ်တော်(AA)ပင်ဖြစ်သည်။ AA သည် ရခိုင်နှင့် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများကြားတွင် သက်တမ်းအနုဆုံးနှင့် နောက်ဆုံးမှပေါ်ပေါက်လာသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပေသည်။

သို့သော်လည်း AA ခေါင်းဆောင်တို့၏အိပ်မက်က အဆင့်မြင့်လှပြီး ထိုအိမ်မက်ကြီးမှာ လက်ရှိရခိုင်ပြည်သူတို့နှင့်လည်း ထပ်တူကျ အကြိုက်တွေ့နေသည်ကို တွေ့နေရသည်။

AA ခေါင်းဆောင်ပြောသော “ဝ”ထက်မညံ့သည့် ကွန်ဖက်ဒရိတ်အိပ်မက်

ကွန်ဖက်ဒရယ်ရှင်း(ခေါ်)ကွန်ဖက်ဒရိတ်ဆိုသည်မှာ ဗဟိုအစိုးရ၏ဆုံးဖြတ်ချက်ကို ကျင့်သုံးရသည့် လက်ဝေခံပြည်နယ်အုပ်ချုပ်မှုစနစ်မဟုတ်ဘဲ ကိုယ်ပိုင်အစိုးရ၊ လွှတ်တော်၊ တရားရေး စသည်ဖြင့် သီးခြားအုပ်ချုပ်ခြင်း စနစ်ဖြစ်သည်။ ယင်းအပြင် ကိုယ်ပိုင်အာဏာမှာ ကွန်ဖက်ဒရိတ်ပြည်နယ်တွင်ရှိသည်။

ပြည်ထောင်စုအစိုးရ၏ လွှတ်တော်က ပြဋ္ဌာန်းလိုက်သည့်ဆုံးဖြတ်ချက်များကို ကွန်ဖက်ဒရိတ်ကျင့်သုံးသည့် တိုင်းပြည်(သို့မဟုတ်)ပြည်နယ်က အရေးတယူဆောင်ရွက်စရာ မလိုအပ်ပေ။

သို့သော်လည်း ကွန်ဖက်ဒရိတ်ကျင့်သုံးရာတွင် အိမ်နီးချင်းနိုင်ငံ(သို့မဟုတ်) ပြည်ထောင်စုဘုံသဘောတူညီမှု လုပ်ဆောင်နိုင်သော အစိတ်အပိုင်းတချို့ကို ပူးပေါင်းဆောင်ရွက်နိုင်သည်။ ဥပမာအားဖြင့် စစ်ရေး၊ သံတမန်ရေးနှင့် စီးပွားရေးကိစ္စများတွင် ဘုံသဘောတူညီချက်တချို့ထားရှိ၍ရခြင်းမျိုးကို ဆိုလိုသည်။

ကွန်ဖက်ဒရိတ်တွင် စီးပွားရေးလုပ်ငန်းများ၊ အခွန်အခများ၊ ပညာရေးအားလုံးကို ကိုယ်ပိုင်တည်ဆောက်ရခြင်းဖြစ်သလို ပြည်မဘက်မှလွှမ်းမိုးမခံရဘဲ သီးခြားသဘောမျိုး နေထိုင်ခြင်းမျိုးလည်းဖြစ်သည်။

ဥပမာ“ဝ”ဒေသသည် ပြည်ထောင်စုကိစ္စအရေးတို့တွင် နိုင်ငံရေးအရ ပြည်မလွှမ်းမိုးမှုမရှိဘဲ သီးခြားဖြစ်နေသည်ကိုတွေ့ရမည်ပင်။ ကိုယ်ပိုင်စစ်တပ်၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ အခွန်အခများအားလုံးမှာ ၎င်းတို့၏လက်ထဲတွင်ရှိနေသည်။ သို့သော်လည်း ခြွင်းချက်အနေဖြင့် “ဝ”ဒေသကို ကွန်ဖက်ဒရိတ်လို့ အတိအကျသတ်မှတ်လို့မရသည့် အချက်များစွာရှိနေသေးသည်။

ထို့ကြောင့် “ဝ”ကိုအားကျကြောင်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုခြင်းဖြစ်သလို ကွန်ဖက်ဒရိတ်နှင့်ပတ်သက်ပြီး ပြည်သူများ အလွယ်တကူနားလည်စေရန် အနီးစပ်ဆုံးဥပမာကိုချပြခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။

လက်ရှိ AA က ဘာတွေလုပ်နေလဲ

ယင်းသို့ ကွန်ဖက်ဒရိတ်ဟုပြောဆိုကာ AA သည် စစ်တပ်နှင့် ၃ နှစ်ခန့် အပြင်းထန်ဆုံးသော တိုက်ပွဲကြီးများကို ရင်ဆိုင်ခုခံတိုက်ခိုက်ခဲ့သည်။ လက်ရှိတွင်မူ သဘောတူစာချုပ်မရှိသော်လည်း နားလည်မှုဖြင့် လူကြီးလူကောင်းဆန်ဆန် အပစ်အခတ်ရပ်ထားနိုင်သည်မှာ အချိန်တစ်နှစ်ကျော်လာပြီဖြစ်သည်။

ထို့ကြောင့် ရခိုင့်နိုင်ငံရေးလမ်းမှာ စစ်အေးကာလကိုဖြတ်ကျော်နေရသည့် အခိုက်အတန့်ဟုဆိုရပေမည်။ သို့သော် တော်လှန်ရေးလမ်းစဉ်ကို စစ်ရေးအင်အားတစ်ခုတည်းဖြင့် တည်ဆောက်လို့မရဆိုသည့်အချက်ကို AA ခေါင်းဆောင်တို့က တွက်ချက်ထားပုံပေါ်သည်။

ယင်းကြောင့် AA ဘက်က အမြဲတမ်းပြောဆိုနေသည့်စကားတစ်ခွန်းမှာ အိမ်စာလုပ်ရမည်။ အိမ်စာကျေရမည်ဟုဆိုသည်။ ယင်းကြောင့် လက်ရှိတွင် AA သည် အိမ်စာလုပ်နေသည်ဟု မှတ်ချက်ပေးနိုင်သည်။

AA သည် တည်ထောင်ခါစကပင် အမျိုးသားရေးစိတ်ဓာတ် ပြန်လည်ရှင်သန်ထက်မြက်ရေးကို ပါဝါတင်ထားသည်ကိုတွေ့နိုင်သည်။ လက်ရှိတွင် AA သည် ဒေသအတွင်းပြည်သူတို့ကို ယဉ်ကျေးမှုအရ ချဉ်းကပ်ခြင်း၊ ဇာတ်လမ်းဇာတ်အိမ် ဘာသာစကား၊ စာပေ၊ သမိုင်းနှင့် အမျိုးသားရေးစိတ်ဓာတ်ကို သိမ်မွေ့နက်နဲစွာဖြင့် တည်ဆာက်နေသည်ကိုတွေ့ရသည်။

ယင်းအပြင် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပြည်သူ့ရဲသင်တန်းတို့အပြင် သူတို့ထိန်းချုပ်ရာနေရာဒေသမှ လူငယ်များအား ကွန်ပျူတာ၊ အင်္ဂလိပ်စကားပြောအပြင် အထွေထွေလုပ်ငန်းအသုံးမှု ပညာရပ်၊ ဘာသာရပ်သင်တန်းများကို ပို့ချပေးနေသည်။

ထိုအချက်များမှာ စစ်အေးကာလအတွင်း ပျော့ပျောင်းသော တော်လှန်ရေးတစ်ရပ်ဖြစ်သည်။ လက်နက်ခဲယမ်းနှင့်တိုက်ယူလို့မရသည့် အနုထည်တော်လှန်ရေးနည်းလမ်းအတိုင်း လူမျိုးရေး၊ မျိုးနွယ်စုအရေး၊ အကျိုးစီးပွားအရေးတို့နှင့် သူတို့၏နိုင်ငံရေးဂဟေကို အနုနည်းဖြင့် ခိုင်မာအောင်ဆက်နေခြင်းလည်းဖြစ်သည်။ ယမ်းခိုးယမ်းငွေ့ဖြင့် မလုပ်နိုင်သောအရာဖြစ်သလို နက်နဲသော တော်လှန်ရေးသဘောတရား၏ အရေးကြီးသည့် တစိတ်တပိုင်းလည်းဖြစ်ပေသည်။

ယင်းအပြင် ၎င်းတို့အတွက်လိုအပ်သော နယ်မြေထိန်းချုပ်မှု၊ လက်နက်ရိက္ခာစုဆောင်းမှု၊ သြဇာချဲ့ထွင်မှုတို့ကိုလည်း ပြုလုပ်နေသည်ကိုတွေ့ရသည်။ ဒေသအတွင်း ရခိုင်အပါအဝင် မျိုးနွယ်စုဝင်အားလုံးကို အခွင့်အလမ်းများပေးကာ စည်းရုံးသိမ်းသွင်းထားနိုင်သည်။

ထို့ကြောင့် AA သည် လက်ရှိတွင် အတန်းကျောင်းတက်ရန်အတွက် အိမ်စာလုပ်နေကြောင်း ခန့်မှန်းပြောဆိုနိုင်သည်။ ကွန်ဖက်ဒရိတ်ခြေလှမ်းအတွက် အိမ်စာလုပ်နေခြင်းလားဟု မေးခွန်းထုတ်ရခြင်းလည်း ဖြစ်သည်။

AA ရရှိထားသည့် အမျိုးသားနိုင်ငံရေး

ထိုသို့ AA လိုချင်သည့်ကွန်ဖက်ဒရိတ်အတွက် အမျိုးသားနိုင်ငံရေးက အဓိကလိုအပ်ချက်ဖြစ်နေသည်။ AA နှင့် ရခိုင်ပြည်သူလူထုတို့က တသွေးတသားတည်းဖြစ်ရမည့်ကိစ္စကလည်း အရေးပါလှသည်။

ရခိုင့်နိုင်ငံရေးသည် ရခိုင်လူ့အဖွဲ့အစည်းဖြင့်ဆုံးဖြတ်သော လမ်းစဉ်ဖြစ်ရမည်။ ထိုအထဲတွင် ယေဘူယျအားဖြင့် နိုင်ငံအစိုးရများ၏လုပ်ငန်းရပ်များ၊ လူသားချင်းအချင်းဆက်နွယ်မှု၊ ပေါင်းစပ်ဖွဲ့စည်းမှု၊ ဘာသာရေး၊ လူမှုဝန်းကျင်ကိစ္စရပ်များ ပါဝင်ပတ်သက်မှုတို့လည်းရှိနေဦးမည်။

ယင်းအထဲမှ လူတိုင်းလုပ်နိုင်သည့် အမျိုးသားနိုင်ငံရေးကို AA ချပြနိုင်ခဲ့သည်။ ပြီးခဲ့သည့် စစ်ရေးကာလအတွင်း ရခိုင်ဒေသအတွင်းရှိ ဒေသခံသာမန်ပြည်သူများ၊ ဌာနဆိုင်ရာ ရခိုင်ဝန်ထမ်းပါမကျန် နိုင်ရာဘက်မှ အမျိုးသားနိုင်ငံရေးကဏ္ဍတွင် ဝိုင်းဝန်းပါဝင်လုပ်ဆောင်ခဲ့ကြသည့်အတွက် လက်ရှိ AA မှာ တခြားအင်အားကြီး EAOs တို့နှင့် တန်းတူရင်ဘောင်တန်းလာနိုင်ခြင်းလည်း ဖြစ်သည်။

ရခိုင်တစ်မျိုးသားလုံးနှင့်ဆိုင်သည့် တော်လှန်ရေးကာလတွင် ရခိုင်အပါဝင် ရခိုင်မျိုးနွယ်စုဝင် သက်၊ ခမီ၊ မြို၊ ဒိုင်းနက်၊ ကမန်၊ မရာမာကြီး စသည့်တို့လည်း သွယ်ဝိုက်၍သော်လည်းကောင်း၊ တိုက်ရိုက်သော်လည်းကောင်း ကူညီပါဝင်ခဲ့ကြသည်။ ထို့အပြင် ရခိုင်နေ မွတ်ဆလင်များကလည်း နိုင်ရာဘက်မှ ကူညီတာဝန်ထမ်းခဲ့ကြသည်ကို တွေ့ရသည်။

ထိုအခြင်းအရာများသည် အမျိုးသားနိုင်ငံရေးဖြစ်ကာ ဥပမာအားဖြင့် နယ်ချဲ့အင်္ဂလိပ်၊ ဂျပန်တို့လက်မှ မြန်မာနိုင်ငံလွတ်မြောက်ရေးကြိုးပမ်းရာတွင် တိုင်းရင်းသားအားလုံး ဒေသအလိုက်ပါဝင်ပူးပေါင်းတော်လှန်ခဲ့ကြခြင်းမျိုးနှင့် ဆင်တူသည်။

ယင်းအချက်မှာ တိုင်းပြည်(သို့မဟုတ်)ဒေသကို ခင်တွယ်သူများ အလွှာပေါင်းစုံမှပါဝင်နိုင်သည့် အမျိုးသားနိုင်ငံရေးဖြစ်သလို လက်ရှိတွင် AA သည် အမျိုးသားနိုင်ငံရေး၌ အားသာချက်ရထားသည်။

ရခိုင်ပါတီနိုင်ငံရေး အားလျော့လာ

လက်ရှိတွင် ရခိုင်လူထုကို ULA/AA က ဦးဆောင်နေသည့်အတွက် အခြားတဖက်တွင်လည်း ရခိုင့်ပါတီနိုင်ငံရေးမှာ မှေးမှိန်လာနေသည်ကိုတွေ့ရသည်။ ထို့သို့ဖြစ်ရခြင်းမှာလည်း ပါတီနိုင်ငံရေးသည် နိုင်ငံဖွဲ့စည်းပုံအရ ကြိုက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ အာဏာနိုင်ငံရေးကိုအဓိကထားပြီး အခြေခံဖွဲ့စည်းပုံအောက်မှသွားရသည့် နည်းလမ်းဖြစ်သည်။

မိမိတို့ပါတီ ရွေးကောက်ပွဲအနိုင်ရဖို့ရှေးရှုပြီး အဓိကထားဆောင်ရွက်ခြင်းများသည်။ သို့သော် ပါတီနိုင်ငံရေးကို ဌာနဆိုင်ရာဝန်ထမ်းများ၊ ဘာသာရေးခေါင်းဆောင်များ လုပ်လို့မရနိုင်ပါ။ ဌာနဆိုင်ရာ ပြည်သူ့ဝန်ထမ်းများမှာ ပါတီနိုင်ငံရေး၌ ပါတီဝင်၊ အသင်းဝင်ဖြစ်၍မရပေ။ တည်ဆဲအစိုးရ၏သစ္စာခံအဖြစ် ဆက်သွားရသည်။

ရခိုင်ပြည်သူတို့က လက်ရှိ ပါတီနိုင်ငံရေးအပေါ်တွင် စိတ်ဝင်စားမှုနည်းလာသည်ကို တွေ့ရသည်။ ယခင်က ရခိုင်ပါတီများအပေါ် အစုလိုက်အခဲလိုက်မျှော်လင့်ချက်ထား လက်ခံခဲ့ကြသည်။ သို့သော် ပါတီအနေဖြင့် လွှတ်တော်အခင်းအကျင်း၌ အကန့်အသတ်ဖြင့်သာသွားနေရသည်ကို ပြည်သူတို့က သဘောပေါက်သွားဟန်တူသည်။ လွှတ်တော်တွင် ရခိုင်အမတ်တို့က အဆို(သို့မဟုတ်)မေးခွန်းများတင်သွင်းရာတွင် နွေးဆွေးအဖြေရှာမဲခွဲဆုံးဖြတ်ကြရာ အားကြီးသူပါတီတို့သာ အနိုင်ရသွားသည့်အတွက် အထမမြောက်မှန်းကို သိသွားကြသည်။

ထို့အပြင် စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်အင်အားကြီးပါတီတို့မှ ထိပ်ပိုင်းခေါင်းဆောင်နှင့် ပါတီဝင်များမှာလည်း မိမိတို့ သဘော့ဆန္ဒအလျှောက် နှုတ်ထွက်မှုတို့ရှိခဲ့သည်။ လူထုထောက်ခံမှုခိုင်မာသည့် ANP ပါတီမှ ထိပ်ပိုင်းခေါင်းဆောင် ဒေါ်အေးနုစိန်မှာ စစ်ကောင်စီနှင့် လက်တွဲသွားသည်မှာလည်း ပြောဆိုစရာရှိလာသည်။ ထို့အတူ AFP ပါတီ ခေါင်းဆောင် ဒေါက်တာအေးမောင်ကိုလည်း စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်းလည်း ဝေဖန်သံများထွက်နေသည်။

ယင်းအပြင် ပါတီတိုင်းမှာ သဘောထားကွဲလွဲမှု၊ အချင်းချင်း ဝေဖန်မှုများကြောင့် ပါတီအကွဲအပြဲများဖြစ်လာသည်ကို ပြည်သူတို့ကစိတ်ကုန်ခြင်းတို့ကြောင့် AA ကို ယုံကြည်အားကိုးလာနေကြသည်။

ထို့ကြောင့် အမျိုးသားနိုင်ငံရေးအောက်မှာ ရခိုင့်ပါတီနိုင်ငံရေး အားလျော့လာခြင်းမှာလည်း AA ၏ ကွန်ဖက်ဒရိတ်အတွက် များစွာအထောက်အကူပံ့ပိုးမှုဖြစ်စေသည်။ ယင်းသို့ဖြစ်လာခြင်းမှာလည်း AA အတွက် ဒေါက်တိုင်ကောင်းတစ်ခုကို စိုက်ထူနိုင်ထားခြင်းဟု ဆိုနိုင်သည်။

နိုင်ငံရေးရှုပ်ထွေးနေမှုက AA အတွက် အားသာချက်လား

လက်ရှိ အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံရေးအရှုပ်အထွေးများစွာနှင့်နပန်းလုံးနေရပြီး နိုင်ငံအနှံ့ စစ်မျက်နှာပေါင်းစုံဖွင့်ကာ ရှိသမျှအင်အားစိုက်ကာ နည်းမျိုးစုံကိုသုံးပြီး ရင်ဆိုင်တိုက်ခိုက်နေရသည်။ ယင်းဖြစ်စဉ်များကိုကြည့်ကာ AA အနေဖြင့် သီးခြားရပ်တည်ချက်အတိုင်း သွားနေသည်။

ယင်းအပြင် လက်ရှိစစ်ကောင်စီအနေဖြင့် စစ်ရေး၊ နိုင်ငံရေ၊ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံတကာဆက်ဆံရေးတို့တွင်လည်း မျက်နှာမရတော့ပေ။ ဒေသအနှံ့တော်လှန်ရေးအင်အားစုဖြစ်သော PDF အပါအဝင် အင်အားကြီး EAOs အဖွဲ့တို့ကို အင်အားသုံးတိုက်လေလေ မောပန်းလာလေလေဖြစ်နေသည်။ ထို့ကြောင့် တောင်ပေါ်၊ မြေပြန့်၊ မြေလတ်မကျန် စစ်မျက်နှာဖွင့်နေရမှုက အချိန်ကြာလာလေ စစ်ရေးအားပျော့လာဦးမည်ဖြစ်သည်။

ထို့အတူ အနောက်ဘက်စစ်မျက်နှာက AA အနေဖြင့် အမောဖြေအင်အားစုစည်းပြီး တကျော့ပြန်စစ်မီးမစတင်မီမှာ သူတို့၏အမျိုးသားနိုင်ငံရေးအတွက် လိုအပ်သည်တို့ကို လုပ်ဆောင်နေသည်ဟု ပြောရမည်။

အကယ်၍ စစ်တပ်အနေဖြင့် လာမည့်ကာလအတွင်း AA နှင့် ခိုင်မာသည့်ငြိမ်းချမ်းရေးလမ်းကို စဉ်းစားလာလျှင် AA နှင့် AA ဦးဆောင်မှုအောက်တွင်လိုက်ပါမည့် ရခိုင်ပြည်သူတို့အတွက် ကွန်ဖက်ဒရိတ်ကို သီးခြားဆွေးနွေးရမည့် အခြေအနေရှိနေသည်။

သို့သော်လည်း AA မျှော်လင့်ထားသည့် ကွန်ဖက်ဒရိတ်ကို တိုက်၍ယူနိုင်မည်လား။ သို့မဟုတ် ဆွေးနွေးအဖြေရှာမှုလမ်းကြောင်းကနေ ကွန်ဖက်ဒရိတ်ကို တရားဝင်တောင်းဆိုနိုင်မည်လားဆိုသည်မှာလည်း စိတ်ဝင်စားစရာရှိနေသည်။

ထို့အပြင် ကွန်ဖက်ဒရိတ်မှာ လက်ရှိ EAOs တို့နှင့် သဘောတူလမ်းကြောင်းဖောက်ထားသည့် NCA နှင့် သီးခြားဆန်နေသည်ကိုတွေ့နေရသည့်အတွက် စစ်တပ်ဘက်က ထိုအချက်ကို လက်ခံနိုင်မလားဆိုသည်မှာလည်း အရေးကြီးသည့် မေးခွန်းတစ်ခုရှိနေသေးသည်။

ဂေါင် – ရေးသားသည်။

https://www.facebook.com/dmgnewsagency/posts/2165109576974775

Leave a Reply

Your email address will not be published.