အေအေက စစ်သုံ့ပန်းအချို့ကို ပြန်လွှတ်ပေးဖို့ရှိကြောင်း မစ္စတာ ဆာဆာကာဝါ ပြော

By RFA/ 2021 November 15

■ ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ စစ်ရေးကာလအတွင်း အေအေက ဖမ်းဆီးထားတဲ့ စစ်ကောင်စီ တပ်သားအချို့ကို ရက္ခိုင့်တပ်တော် (AA) က အသုတ်လိုက် ပြန်လွှတ်ပေးဖို့ရှိတယ်လို့ ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါက စစ်တွေမြို့ကို ဒီနေ့ ရောက်ရှိလာစဉ် သတင်းထောက်တွေကို ပြောပါတယ်။

ဒါဟာ တစ်ဖက်နဲ့တစ်ဖက်ကြား ယုံကြည်မှုတည်ဆောက်ဖို့ အတွက်ကို အန်မတန်ကောင်းမွန်တဲ့ ဆောင်ရွက်ချက် တစ်ခုဖြစ်တယ်လို့ မစ္စတာ ဆာဆာကာဝါက သတင်းထောက်တွေကို စကားပြန်ကနေတဆင့် ပြောပါတယ်။

“အေအေ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အထဲက တစ်ချက်ပဲ ကျနော် ပြောပြလို့ရပါတယ်။ ဒါဘာလဲဆိုလို့ရှိရင် လက်ရှိတည်ငြိမ်နေတဲ့ အနေအထားကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် တစ်ဖက်နဲ့တစ်ဖက် အပစ်အခတ်လုံးဝမလုပ်ဖို့အတွက် အောက်ခြေတပ်သားအဆင့်အထိ ညွှန်ကြားထားဖို့အတွက်ကို ညွှန်ကြားထားပြီးဖြစ်ပါတယ်။ ဆိုတော့ နှစ်ဖက်တိုက်ပွဲဘယ်လိုမှ မဖြစ်ပွားအောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အေအေဘက်ကနေပြီးတော့မှ ထိန်းသိမ်းထားတဲ့ သုံ့ပန်းတွေကို အသုပ်လိုက် ပြန်လည်လွှတ်ပေးသွားမယ်လို့ ကြားသိထားရပါတယ်။ ဒါဟာဆိုလို့ရှိရင် တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုတည်ဆောက်ဖို့အတွက်ကို အန်မတန်ကောင်းမွန်တဲ့ ဆောင်ရွက်ချက်တစ်ခုဖြစ်တယ်”

ရက္ခိုင့်တပ်တော် (AA) ဘက်က ဖမ်းဆီးထားတဲ့ စစ်ကောင်စီတပ်သား ဘယ်နှစ်ဦးကို ဘယ်နေ့ ဘယ်ရက်မှာ ပြန်လွှတ်မယ်ဆိုတာကိုတော့ ထည့်သွင်းပြောဆိုသွားတာ မရှိပါဘူး။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က မေးမြန်းခဲ့ရာမှာ အခုလောလောဆယ် အဲဒီကိစ္စတွေကို မသိရှိရသေးကြောင်းနဲ့ သိရှိရင် သတင်းထုတ်ပြန်သွားမယ်လို့ ပြောပါတယ်။

ရက္ခိုင့်တပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကိုလည်း RFA ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းမပြန်သေးပါဘူး။

မစ္စတာ ဆာဆာကာဝါဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့က ရခိုင်ပြည်နယ်ကို ပထမဆုံးအကြိမ်ရောက်ရှိခဲ့ပြီး စစ်ရေးတင်းမာနေတဲ့ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲတွေ ရပ်တန့်အောင် အဓိက ကြားဝင်ညှိနှိုင်းပေးခဲ့သူ ဖြစ်ပါတယ်။

ဒီကနေ့ ရခိုင်ပြည်နယ်ခရီးစဉ်ထဲမှာ ရခိုင်ပြည်နယ် စစ်ကောင်စီ အပါအဝင် ရခိုင်အမျိုးသားပါတီ (ANP) က ထိပ်ပိုင်းခေါင်းဆောင်တွေ၊ စစ်တွေမြို့ပေါ်က ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပါတယ်။

မစ္စတာ ဆာဆာကာဝါနဲ့ တွေ့ဆုံခဲ့တဲ့ ရခိုင်အမျိုးသားပါတီရဲ့ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးဦးလှစော ကတော့ မစ္စတာ ဆာဆာကာဝါဟာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ကြား ရရှိထားတဲ့ ငြိမ်းချမ်းရေးကို ဒီထက်ပို အဆင့်မြင့်တဲ့ ဆက်ဆံရေးတစ်ခု ပုံမှန်ရအောင် တိုက်တွန်းကူညီပေးဖို့ အကြံပေးဖို့ လာရောက်တာဖြစ်တာကြောင့် ကြိုဆိုတယ်လို့ ပြောပါတယ်။

“ရခိုင်ရဲ့သီးခြားပြဿနာအရ သူ့မှာ သီးခြားပေးထားတဲ့ ကတိကဝတ်တွေကို အကောင်အထည်ဖော်ဖို့၊ အခုရရှိထားတဲ့ငြိမ်းချမ်းရေးကို ဒီထက်ပိုအဆင်မြင့်တဲ့ ဆက်ဆံရေး တစ်ခုပုံမှန်ရအောင် တွန်းတွန်းတိုက်တိုက် ကူညီပေးဖို့၊ အကြံပေးဖို့ လာတာပါ။ ဒီဥက္ကဋ္ဌကြီးရဲ့ သဘောထားကတော့ နှစ်ဦးနှစ်ဖက် ပိုပြီး ထိပ်တိုက်မှုတွေမဖြစ်အောင် အပြန်အလှန် နားလည်မှုတွေရအောင် လုပ်ဖို့ဆိုပြီးတော့ ဒီဘက်က တပ်မတော်ခေါင်းဆောင်ကိုလည်း ပြောတယ်။ အေအေဘက်က ခေါင်းဆောင်တွေကိုလည်း တင်ပြထားတယ်လို့ ပြောတယ်။ ကျွန်တော်တို့ကတော့ ဒါကိုကြိုဆိုရမှာပဲ”

မစ္စတာ ဆာဆာကာဝါဟာ မြန်မာနိုင်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပွားနေတဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကို ဘယ်လိုကျော်ဖြတ်သွားနိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း လေ့လာသွားချင်တယ်လို့လည်း ဆိုပါတယ်။

သူဟာ ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေး အထူးကိုယ်စားလှယ်လည်း ဖြစ်တာကြောင့် ဖမ်းဆီးခံထားရတဲ့ NLD ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေ အပါအဝင် ကဏ္ဍအသီးသီးက ခေါင်းဆောင်တွေ တွေ့ဆုံပြီး ဘယ်လိုပုံစံနဲ့ ဆောင်ရွက်သွားရင် ကောင်းမလဲဆိုတာကို ဆက်လက်ကြိုးစား လေ့လာသွားမယ်လို့လည်း မစ္စတာ ဆာဆာကာဝါက ပြောပါတယ်။

“ကျွန်တော့်ရဲ့ အဓိကလာရောက်ရတဲ့ ရည်ရွယ်ချက်ဟာဆိုလို့ရှိရင် တစ်နှစ်ပြည်သွားပြီးဖြစ်တဲ့ ဒီဒေသရဲ့ အခြေအနေကို လာရောက်လေ့လာတာဖြစ်ပါတယ်။ အခု မြန်မာနိုင်ငံရဲ့ အခြေအနေဟာဆိုလို့ရှိရင် ရှုပ်ထွေးတဲ့ အခြေအနေမှာရှိတယ်ဆိုတာ ကျွန်တော် သိရပါတယ်။ အဲဒါကြောင့် ကျွန်တော်ဟာဆိုလို့ရှိရင် အခန်းကဏ္ဍ အသီးသီးရဲ့ ခေါင်းဆောင်အသီးသီးနဲ့ တွေ့ဆုံပြီးတော့မှ ရှေ့ဆက်ဘယ်လိုဆောင်ရွက်သွားရင် ဒီအခက်အခဲကနေ ဘယ်လိုကျော်ဖြတ်သွားနိုင်မလဲ ဆိုတာနဲ့ပတ်သက်ပြီးတော့မှ ကျွန်တော်လေ့လာ သွားချင်ပါတယ်။ ကျွန်တော်ဟာ အခုဆိုရင် ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေး အထူးကိုယ်စားလှယ်လည်း ဖြစ်တဲ့အတွက်ကြောင့်မို့ ဒီခရီးစဉ်မှာ NLD ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ၈၈၈၈ အရေးအခင်းမှာ ပါဝင်ခဲ့တဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ပြီးတော့ အဖမ်းခံထားရတဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ပြီးတော့မှ သူတို့ဆီကနေ ကြားသိရတဲ့စကားတွေကို လေ့လာပြီးတော့ အဲဒီအပေါ်မှာအခြေခံပြီး ခွဲခြမ်းစိတ်ဖြာပြုလုပ်ပြီးတော့ ဘယ်လိုပုံစံနဲ့ ဆောင်ရွက်သွားရင် ကောင်းမလဲဆိုတာကို ဆက်လက်ကြိုးစား လေ့လာသွားမှာဖြစ်ပါတယ်”

ရခိုင်ပြည်နယ်အတွင်းမှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကစလို့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

RFA က ပြုစုရရှိထားတဲ့ စာရင်းတွေအရ အဲဒီစစ်ရေးပဋိပက္ခတွေကြောင့် သေဆုံးတဲ့ အရပ်သား ၃၂၀ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၇၃၀ ဦးအထိရှိခဲ့ပါတယ်။

၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာတော့ ရခိုင်ပြည်နယ်အတွင်းက ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးနိုင်ဖို့ အပါအဝင် စစ်တပ်နဲ့ အေအေတို့ကြားမှာ တိုက်ပွဲတွေ ရပ်တန့်အောင် မစ္စတာ ဆာဆာကာဝါက အဓိက ကြားဝင်ညှိနှိုင်းပေးခဲ့တာကြောင့် အခုဆိုင်ရင် ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် မဖြစ်ပွားတာ တစ်နှစ်ကျော်အထိ ရှိသွားပြီဖြစ်ပါတယ်။

မစ္စတာ ဆာဆာကာဝါဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့သလို ရက္ခိုင့်တပ်တော် (AA) ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့လည်း ဗီဒီယိုအွန်လိုင်းကနေတဆင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ မစ္စတာ ဆာဆာကာဝါက သတင်းထောက်တွေကို ပြောပါတယ်။

https://www.facebook.com/rfaburmese/posts/10161482008873128

Leave a Reply

Your email address will not be published.