အိမ်ဖြူတော် KTV ၌ မာဖီးယားဂိုဏ်းဆန်စွာရိုက်နှက်နေသည့် ဗွီဒီယိုဖိုင်အား ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ ထုတ်ပြန်(ရုပ်သံ)

By Western News/ 2021 November 26

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အနောက်စံပြရပ်ကွက်တွင်ရှိသည့် အိမ်ဖြူတော် KTV တွင် လူ ၃ ဦးအား မာဖီးယားဂိုဏ်းဆန်စွာရိုက်နှက်နေသည့် ဗွီဒီယိုဖိုင်တစ်ခုကို ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့က ယနေ့ နိုဝင်ဘာလ ၂၆ ရက်တွင် အသိပေးရှင်းလင်းချက်နှင့်တကွ ထုတ်ပြန်သည်။

အဆိုပါ ရိုက်နှက်နေသည့် ဗွီဒီယိုဖိုင်သည် ၂၀၂၁ ခုနှစ်၊ မတ်လ ၂၀ ရက်က အိမ်ဖြူတော် KTV တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆိုင်ဝန်ထမ်းများက Customer ၃ ဦးကို မာဖီးယားဂိုဏ်းဆန်စွာ အုပ်စုဖွဲ့အနိုင်ကျင့်နေခြင်းဖြစ်သည်ဟု ရှင်းလင်းချက်တွင် ဖော်ပြသည်။

လက်ရှိတွင် ရိုက်နှက်နေမှု ဗွီဒီယိုင်ဖိုင်တွင်ပါဝင်သူများနှင့် KTV ပိုင်ရှင် ဦးသိန်းရွှေ အားဖမ်းဆီးထိန်းသိမ်းစစ်ဆေးလျှက်ရှိပြီး ရခိုင်ပြည်သူများအနေဖြင့် မတရားအနိုင်ကျင့်ခံရပြီး နစ်နာမှုများရှိပါက ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့၏ တရားရေးဌာနသို့ တိုင်ကြားနိုင်ကြောင်းလည်း ပါရှိသည်။

ယင်းအပြင် ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့အနေဖြင့် ရခိုင်ပြည်သူများအပေါ် မာဖီးယားဆန်စွာ အုပ်စုဖွဲ့အနိုင်ကျင့်သူများ၊ ဥပဒေချိုးဖောက်သူများ၊ အကြောက်တရားနှင့် မလုံခြုံမှုပေးနေသူများအပါအဝင် အုပ်စုဖွဲ့ဂုတ်သွေးစုတ်သူများနှင့် ရက္ခိုင်အမျိုးသားအကျိုးစီးပွားနှင့် တော်လှန်ရေးကို ပျက်စီးစေရန်ပြုလုပ်သူအားလုံးကို အရေးယူဆောင်ရွက်မည်ဟု ရှင်းလင်းချက်တွင် ရေးသားထားသည်။

အဆိုပါ ဗွီဒီဖိုင်နှင့် ပတ်သတ်၍ ရက္ခိုင့်တပ်တော် AA ပြောခွင့်ရ ခိုင်သုခအား ဆက်သွယ်ရာ လက်ရှိတွင် ရိုက်နှက်မှုတွင်ပါဝင်သူများကို ဖမ်းဆီးစစ်ဆေးနေဆဲဖြစ်ကြောင်း Western News သတင်းဌာနကို ယနေ့ ညပိုင်းတွင် ဖြေဆိုသည်။

https://www.facebook.com/watch/?v=574920710272922

Leave a Reply

Your email address will not be published.