By Irrawaddy/ November 10
ရခိုင်ပြည်နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ကြား ပစ်ခတ်တိုက်ခိုက်မှု ယာယီရပ်နားထားရာမှ တိုက်ပွဲများ ပြန်လည်စတင်နေကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလဆန်းပိုင်းကစ၍ နှစ်ဖက်ပစ်ခတ်မှုများကို ရပ်နားထားခြင်းဖြစ်ပြီး၊ ယခု နိုဝင်ဘာလ ၉ ရက်တွင် မောင်တောမြို့နယ်၌ နှစ်ဖက် တပ်ဖွဲ့ဝင်များ ထိတွေ့ တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့သည်။
နိုဝင်ဘာလ ၉ ရက် နံနက် ၁၁ နာရီကျော်အချိန်တွင် AA တပ်ဖွဲ့ဝင်များရှိရာ မောင်တောမြို့နယ် မြောက်ပိုင်း ဝေလာတောင် ပတ်ဝန်းသို့ စစ်တပ်ဘက်က ဝင်ရောက်လာသည့်အတွက် တိုက်ပွဲ ပြန်လည်ဖြစ်ပွားရခြင်း ဖြစ်သည်ဟု AA သတင်းပြန် ကြားရေး တာဝန်ခံ ဦးခိုင်သုခက ပြောသည်။
ဦးခိုင်သုခက “ကျနော်တို့ တပ်ဖွဲ့ဝင်တွေ ရှိတဲ့နေရာကို မြန်မာစစ်တပ်ဘက်က ဝင်ရောက်လာတဲ့အတွက်ကြောင့်မို့ မိနစ် အနည်းငယ်ကြာ ထိတွေ့မှု ဖြစ်တာတော့ ရှိတယ်ဗျ။ ထိခိုက်ကျဆုံးမှု အသေးစိတ်ကိုတော့ လောလောဆယ် မသိရသေး ဘူး။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ နှစ်ဖက် ကြားခံလူတွေကတဆင့် ညှိနှိုင်းနေကြတာတော့ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ စစ်တပ်နှင့် AA နှစ်ဖက် ထိတွေ့တိုက်ပွားမှု ဖြစ်ပွားခဲ့သည့် အခြေအနေနှင့် ပတ်သက်ပြီး ကြားခံပုဂ္ဂိုလ်များကတဆင့် နှစ်ဖက်ညှိနှိုင်းမှုများ ပြုလုပ်နေသော်လည်း အောက်ခြေတွင် နှစ်ဖက်တပ်ဖွဲ့ဝင်များက အင်အင်တိုးချဲ့နေသည့်အတွက် စစ် ရေး တင်းမာနေကြောင်းလည်း သိရသည်။
စစ်တပ်နှင့် AA တို့ တိုက်ပွဲ ဖြစ်ပွားသည့်နေရာသည် ရေနောက်ငါးသားချောင်းဖျားရှိ မြိုတိုင်းရင်းသား ကျေးရွာဟောင်းအနီး တောတွင်း တနေရာတွင် ဖြစ်ပွားခြင်းဖြစ်ကာ သေနတ်သံများကိုသာ ကြားရပြီး အသေးစိတ် အခြေအနေကို မသိရှိကြောင်း အနီးဝန်းကျင်မှ ဒေသခံ ကျေးရွာသားတဦးက ပြောသည်။
၎င်းက “တိုက်ပွဲဖြစ်တဲ့နေရာက ကျနော်တို့ ရွာနဲ့ ၅ မိုင်လောက် ဝေးတယ်။ အရင်တုန်းကတော့ အဲဒီမှာ မြို တိုင်းရင်း သားရွာ ရှိခဲ့တယ်။ အဲဒီ မြိုရွာဟောင်းအနီးမှာ ဖြစ်ကြတာ။ မနေ့ နေ့လယ်ပိုင်းက သေနတ်သံတွေ ကြားတယ်။ ညနေ ပိုင်းက လက်နက်ကြီး ၄ ချက် လှမ်းပစ်သံကြားရတယ်။ စစ်ကားတွေလည်း တော်တော်လာကြတာ တွေ့တယ်။ တချို့ ပြောတာက တပ်က ဗျူဟာမှူးလည်း ရောက်နေတယ်လို့ ပြောကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။
AA သတင်းပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခကတော့ တိုက်ပွဲဆက်လက် ဖြစ်ပွားမှု အခြေအနေ ရှိမရှိဆိုသည်ကိုမူ စစ်တပ် အပေါ်သာ မူတည်ပြီး ရှေ့ဆက်တိုးဝင်ကာ ထိုးစစ်ဆင်လာမည်ဆိုပါက တိုက်ပွဲဆက်လက် ဖြစ်ပွာမည့်အခြေအနေ ရှိလာ မည် ဖြစ်ကြောင်းလည်း ပြောသည်။
အပစ်ရပ်ထားသော ရခိုင်စစ်မြေပြင် တနေရာတည်းတွင် တိုက်ပွဲ ဖြစ်ပွားသည်နှင့် ဒေသအားလုံးရှိ တပ်များကို အသင့် အနေအထားသို့ တပ်လှန့်ထားသည်ဖြစ်ရာ ညှိနှိုင်း မရပါက ထိုတနေရာတည်းတွင် တိုက်ပွဲဖြစ်ပွားနေမည် မဟုတ်ဘဲ စစ်ပွဲ သည် ရခိုင်တပြည်နယ်လုံးသို့ လျှင်မြန်စွာ ပျံ့နှံ့သွားနိုင်သည်ဟု နိုင်ငံရေးသုတေသီ ဦးမောင်မောင်စိုးက ၎င်း၏ လူမှုကွန် ရက်စာမျက်နှာတွင် သုံးသပ် ရေးထားသည်။
စစ်တပ်နှင့် ရက္ခိုင်စစ်တပ် (AA) မီးကုန်ယမ်းကုန် သုံးနှစ်နီးပါး တိုက်ခိုက်ခဲ့ပြီး၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလဆန်းပိုင်းတွင် နှစ်ဖက် ပစ်ခတ်မှုကို ယာယီ ရပ်နားထားခဲ့ရပြီးသည့်နောက် နိုင်ဝင်ဘာ ၉ ရက်တွင် ထိတွေ့တိုက်ပွဲ တကျော့ပြန် စစ်တင် လာခဲ့ခြင်း ဖြစ်သည်။
https://www.facebook.com/theirrawaddyburmese/posts/5054170251293753