အခေါက်ရွှေ ၁ ကျပ်သားကို ၁၇ သိန်း ၇ သောင်း ဝန်းကျင်အထိရှိ

By Narinjara/ 2021 November 26

နှင်းနွယ်နီ

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း ရွှေစျေးများတဟုန်ထိုးမြင့်တက်ခဲ့သော်လည်း ယခုရက်ပိုင်းတွင် အခေါက်ရွှေတစ်ကျပ်သားကို ၁၇ သိန်း ၇ သောင်း ဝန်းကျင်အထိ ရှိနေသည်ဟု သိရသည်။

ယခုလ နိုဝင်ဘာလ ၂၀ ရက်မှ ယနေ့ နိုဝင်ဘာလ ၂၆ ရက်အတွင်းတွင် အခေါက်ရွှေ (၁၆ ပဲရည်) တစ်ကျပ်သားလျှင် ၁၇ သိန်း ၇ သောင်း ဝန်းကျင်၌ ငြိမ်သက်နေသည်။

သို့သော် အရောင်းအဝယ်မဖြစ်ဘဲ ပေါင်းနှံသူနှင့်ရောင်းသူများသာရှိကြောင်း ကျောက်တော်မြို့မှ ကောင်းရတနာရွှေဆိုင်ပိုင်ရှင် ဦးညွန့်မောင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“အရောင်းအဝယ်က နည်းနည်းလောက်ပါးတယ်။ အရမ်းလည်းမဖြစ်ဘူး။ အရောင်း/အပေါင်များတယ်။ အဝယ်နည်းတယ်။ ပွဲရာသီဆိုရင်လည်း လာဝယ်သူနည်းတယ်” ဟုပြောသည်။

စစ်တွေမြို့ သိဒ္ဓိအောင်ရွှေဆိုင်မှ ကိုကျော်မျိုးသန့်က ယခုကာလသည် ပွင့်လင်းရာသီဖြစ်၍ ပွဲလမ်းသဘင်များရှိနေသည့်အတွက် အနည်းငယ်သာ အရောင်းဖြစ်သည်ဟုလည်း ပြောသည်။

“ပွဲတွေနဲ့တော့ နည်းနည်းပါးပါးရောင်းလိုက်ရတယ်။ ကထိန်မကျခင်။ အခုတော့နည်းနည်းပါးပါတယ်။ အခုတော့ အရင်လိုမရောင်းရတော့ဘူး။ နည်းနည်းပါးပါးသွားတယ်” ဟုပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလက အခေါက်ရွှေတစ်ကျပ်သားကို ကျပ်သိန်း ၂ဝ ကျော်အထိစံချိန်တင်မြင့်တက်ခဲ့ပြီးနောက် ယခုအခါ ရွှေစျေး တဖြည်းဖြည်းကျဆင်းလာနေခြင်းဖြစ်သည်။

https://www.facebook.com/narinjara.info/posts/4918476904831014

Leave a Reply

Your email address will not be published.