အကြမ်းဖက်ပုဒ်မများနှင့် တရားစွဲခံနေရသည့် ကျောက်ဆိပ်ရွာသား ၅ ဦးအမှု လိုပြသက်သေတစ်ဦးသာ စစ်ဆေးရန်ကျန်ရှိ

By Narinjara/ 2021 November 1

ထက်အောင်

အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မများနှင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှ ကျောက်ဆိပ်ကျေးရွာသား ၅ ဦးအမှုတွင် တရားလိုပြသက်သေတစ်ဦးသာ စစ်ဆေးရန်ကျန်ရှိတော့ကြောင်း သိရသည်။

သူတို့ ၅ ဦးကို ယနေ့ နိုဝင်ဘာလ ၁ ရက်နေ့တွင် စစ်တွေခရိုင်တရားရုံး၌ ရုံးထုတ်ခဲ့ပြီး နောက်ရုံးချိန်းကို လာမည့် နိုဝင်ဘာလ ၈ ရက်နေ့သို့ ချိန်းဆိုလိုက်ကြောင်း သိရသည်။

အမှုကို လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က “သူတို့အမှုက ဘယ်အဆင့်ရောက်နေပြီလဲဆိုတော့ တရားလိုပြသက်သေတစ်ဦးကို စစ်ဆေးဖို့ ကျန်နေပါသေးတယ်။ ဗိုလ်ကြီးတစ်ယောက် ကျန်ပါသေးတယ်” ဟု ပြောသည်။

အကြမ်းဖက်မှု ပုဒ်မများနှင့် တရားရင်ဆိုင်နေရသည့် ကျောက်ဆိပ်အမှုတွင် ကိုညီညီအောင် (၂၄ နှစ်)၊ မျိုးလှိုင်ဦး (ခ) မျိုးလင်းဦး (၂၄ နှစ်)၊ ကိုမောင်ချေ (၂၄ နှစ်)၊ ကိုမင်းစိုး (၃၈ နှစ်)နှင့် ကိုကျော်ဝင်းဟိန်း (၂၂ နှစ်)တို့ ဖြစ်သည်။

သူတို့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြစ်သည့် ၅၀(ည)၊ ၅၂(က) တို့ဖြင့် ဗိုလ်ကြီးတင့်နိုင်ထွန်းက တရားလိုလုပ်ကာ တရားစွဲထားခြင်းဖြစ်ပြီး စစ်တွေအကျဉ်းထောင်တွင်ထိန်းသိမ်း၍ စစ်တွေခရိုင်တရားရုံး၌ ရုံးထုတ်စစ်ဆေးနေခြင်း ဖြစ်သည်။

သူတို့ ၅ ဦးအပါအဝင် ကျောက်ဆိပ်ရွာမှ လူပေါင်း ၃၈ ဦးသည် ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်၊ ဧပြီလ ၁၉ ရက်နေ့တွင် စစ်တပ်၏ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

နောက်တစ်နေ့တွင် ရွာသား ၃၃ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း သူတို့ ၅ ဦးကို အကြမ်းဖက်ပုဒ်မများဖြင့် ဆက်လက်ဖမ်းဆီးတရားစွဲဆိုထားခြင်းဖြစ်သည်။

ရခိုင်တွင် အကြမ်းဖက်ပုဒ်မများဖြင့်တရားစွဲခံနေရသူများကို နစကကောင်စီက အမှုပိတ်သိမ်းခြင်းနှင့် အမှုရုပ်သိမ်းခြင်းများပြုလုပ်ကာ ပြန်လွှတ်ပေးမှုရှိနေပြီး ကျောက်ဆိပ်ရွာသား ၅ ဦးကိုလည်း ပြန်လွှတ်ပေးရန် မိသားစုဝင်များက တောင်းဆိုနေကြသည်။

https://www.facebook.com/narinjara.info/posts/4837175936294445

Leave a Reply

Your email address will not be published.