သံတွဲ-ရန်ကုန် ကားလမ်းတစ်လျှောက်တွင် ယခင်ထက် စစ်ဆေးရေးပိုတင်းကျပ်နေ

By Western News/ 2021 November 25

သံတွဲ-ရန်ကုန် အသွားအလာကားလမ်းတစ်လျှောက်ရှိ စစ်ဆေးရေးဂိတ်များတွင် ယခင်ထက်စစ်ဆေးမှုများပိုတင်းကျပ်နေသည်မှာ ၁ လနီးပါးခန့်ရှိပြီဖြစ်သည်ဟု ၎င်းလမ်းတစ်လျှောက်မောင်းနှင်နေသည့် ကားသမားများကပြောသည်။

စစ်ဆေးရာတွင် ရန်ကုန်မှ သံတွဲဘက်သို့ အစစ်ဆေးပိုများပြီး PDF နှင့်ပတ်သက်သည့်အချက်လက်များကို အဓိကထား ရှာဖွေစစ်ဆေးခြင်းဖြစ်နိုင်သည်ဟု သံတွဲ-ရန်ကုန် ခရီးသည်တင်ကားမောင်းနှင်နေသည့် ကားသမား ကိုနေတိုးကပြောသည်။

“ပုံမှန်ကတော့ စစ်နေကျပါပဲ။ ခုတလောတော့အစစ်ဆေးတွေပိုများနေတာ ၁ လနီးပါးလောက်ရှိပြီ။ ရန်ကုန်က သံတွဲအပြန်ဆိုပိုစစ်တယ်။ ဖုန်းထဲမှာဘာမှပါမသွားဖို့တော့လိုတာပေါ့။ ဒါပေမယ့် သူတို့အဓိကစစ်တာက PDF နဲ့ပတ်သက်ပြီးစစ်တာပါ” ဟုပြောသည်။

သံတွဲ-ရန်ကုန် သို့သွားရာကားလမ်းများတွင် တောင်ကုတ်တောင်ကြားလမ်းတွင်လည်း စစ်ဆေးမှုများရှိသော်လည်း ဂွ-ငသိုင်းချောင်းလမ်းတွင် စစ်ဆေးမှုပိုတင်းကျပ်နေခြင်းဖြစ်သည်ဟု ကားသမားကဆိုသည်။

ခရီးသည်တင်ကားများထက် ကုန်ကားများမှာ ပိုစစ်ဆေးခံရပြီး ကုန်နှင့် ပါသည့်လူအားလုံးကို သေချာစစ်ဆေးခြင်းဖြစ်သည်ဟု ကုန်ကားမောင်းနှင်သည့် သူတစ်ဦးကလည်းပြောသည်။

“ကုန်ကားတွေကပိုစစ်ဆေးခံရတယ်ဗျ။ ပါတဲ့လူကလည်းနည်းတော့ အကုန်စစ်တယ်။ ကုန်တွေကို ဖုံးထားတဲ့အမိုးတွေကိုဖွင့်ပြရတယ်။ သိပ်ထွေထွေထူးထူးတော့မရှိပေမယ့် အစစ်ဆေးတွေပိုတော့ သွားရေးလာရေး အချိန်ပိုင်းတွေနည်းနည်းကြာတာပေါ့။ စစ်တာကတော့ စစ်သားပါတယ်၊ ရဲသားပါတယ် ဌာနဆိုင်ရာတွေပူးပေါင်းပြီး စစ်ကြတာပေါ့” ဟုပြောသည်။

ဂွ-ငသိုင်းချောင်း ကားလမ်းတစ်လျှောက်စစ်ဆေးသည့်ဂိတ်များမှာ ယဉ်နသာဂိတ်၊ ပင်တိုင်းဂိတ်၊ ညောင်တုန်းဂိတ် စသည့်ဂိတ်များတွင် စစ်ဆေးမှုများပြုလုပ်ကြသည်ဟု ကားသမားများကပြောသည်။

ရန်ကုန်-စစ်တွေ အသွားလာကားလမ်းတစ်လျှောက်တွင်လည်း စစ်ဆေးရေးဂိတ် ၁၀ ခုကျော်ခန့်ရှိပြီး ထိုအထဲမှ ပဒါန်း၊ ကန်မြင့်ကန်း၊ ပဲပဒုံ၊ ရွာသာယာ စသည့်ဂိတ် ၄ ခုတွင် ခရီးသည်တင်ကားနှင့် ကုန်ကားများမှာ အချိန်ကြာမြင့်စွာ စစ်ဆေးခံကြရဆဲဖြစ်သည်။

ယင်းအပြင် စစ်တွေမြို့နယ် ကျောက်တန်းဂိတ်နှင့် ကျောက်တော် ကစ္ဆပနဒီ တံတားဂိတ်တွင်လည်း ရံဖန် ရံခါ စစ်တပ်က စစ်ဆေးမှုများရှိကြောင်း ဒေသခံများက ပြောဆိုသည်။

https://www.facebook.com/westernnewsagency/posts/416282523511591

Leave a Reply

Your email address will not be published.