သံတွဲမြို့ခံအမျိုးသမီး ၃ ဦးကို PDFနှင့် ဆက်စပ်သည်ဟုဆိုကာ ရဲကဖမ်းဆီးပြီး အကြမ်းဖက်မှုဖြင့် အမှုဖွင့်ထား

By Western News/ 2021 November 4

ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ အမှတ် ၇ ရက်ကွက်မှ အမျိုးသမီး ၂ ဦးနှင့် ငပလီမှ အမျိုးသမီး ၁ ဦးစုစုပေါင်း ၃ ဦးကို PDFနှင့် ဆက်သွယ်နေသည်ဟုဆိုကာ အောက်တိုဘာ ၃ ရက်နေ့ ညနေပိုင်းအချိန်ခန့်တွင် ရဲတပ်ဖွဲ့ကဖမ်းဆီးသွား သည်ဟု ဒေသခံများကပြောသည်။

ဖမ်းဆီးခံရသူများမှာ ဆယ်တန်းကျောင်းသူ မသိမ့်အေးချမ်း (၁၇နှစ်)၊ မတင်စန္ဒာဝင်း (၂၅နှစ်)၊ ဒေါ်ငြိမ်းအေးသူ ကျော် (၃၅နှစ်) တို့ဖြစ်ပြီး ၎င်းတို့ထဲမှ မတင်စန္ဒာဝင်းနှင့် ဒေါ်ငြိမ်းအေးသူကျော်တို့ ၂ ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(စ)ဖြင့်သံတွဲမြို့နယ်ရဲမှုးကတရားလို လုပ်ကာအမှုဖွင့်ထားသည်ဟု အမည်မဖော်လိုသည့် မိသားစုဝင်တစ်ဦးကပြောသည်။

“သုံးယောက် ဖမ်းဆီးခံရတယ်။ ဒီနေ့မှာ သူတို့ ၃ ယောက်ထဲက ဆယ်တန်းကျောင်းသူလေးကို အသက်မပြည့်သေးဘူးဆိုပြီးတော့ အမှုမဖွင့်ဘူး။ အချုပ်ထဲမှာလည်းမထားဘူး။ ရဲစခန်းရဲ့ရုံးခန်းမှာပဲထားတယ်။ ကျန်တဲ့နှစ်ယောက်ကိုတော့ ၅၀(စ)နဲ့ မြို့နယ်ရဲ တပ်ဖွဲ့မှုးကတရားလိုလုပ်ပြီးတော့ အမှုဖွင့်ထားတယ်။ အခုအချိန်ထိကတော့ သူတို့ကို ရဲစခန်းရဲ့အချုပ်ထဲမှာဘဲ ထားတယ်။ ထောင်ကိုတော့ မပို့သေးဘူး” ဟုဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ သံတွဲမြို့နယ်ရဲစခန်းကို Western News က ယနေ့နံနက်ကနေ ယခုသတင်းရေးနေ သည့် အချိန်ထိ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။

ယင်းအပြင် ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်နေ့ကလည်း လူမှုကူညီရေးလုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်နေသူ သံတွဲမြို့ခံ ကိုစိန်ချစ်ကို PDFနှင့်ဆက်စပ်သည်ဟုဆိုကာ ရဲတပ်ဖွဲ့ကဖမ်းဆီးသွားပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)၊၅၂(က)တို့ဖြင့် စစ်ကောင်စီအရာရှိတစ်ဦးက သံတွဲမြို့နယ်ရဲစခန်းတွင် အမှုဖွင့်ထားသည်။

အလားတူပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်နေ့ကလည်း မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာနေ စာရေးဆရာ မင်းဒီပါ(ခ)ကိုအောင်နိုင်မြင့်ကို PDFနှင့်ဆက်စပ်နေသည်ဟုဆိုကာ ရဲတပ်ဖွဲ့ကဖမ်းဆီးသွားပြီး မြောက်ဦးမြို့နယ် ရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(ည)ဖြင့် တရားစွဲဆိုထားသည်။

ယင်းအပြင် သံတွဲမြို့၊ လင်းသာရပ်ကွက်နေ လူမှုရေးလှုပ်ငန်များဆောင်ရွက် နေသူ ကိုရဲနိုင်ဦးကို ရဲတပ်ဖွဲ့က အောက်တိုဘာ ၂၃ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ငပလီ(၅၅)တပ်ရင်းမှ ဗိုလ်ကြီးနေဇော်ထက်က တရားလိုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၀(က)၊ ၅၂(က)တို့ဖြင့်တရားစွဲဆိုထားသည်ဟု ၎င်းနှင့်ရင်းနှီးသူတစ်ဦးကပြောသည်။

https://www.facebook.com/westernnewsagency/posts/402893334850510

Leave a Reply

Your email address will not be published.