သံတွဲတွင် PDF များဖြင့် ဆက်နွယ်သည် ဟုဆိုကာ ဒေသခံ ၅ ဦး ဖမ်းဆီးအမှုဖွင့်ခံရ

By Irrawaddy/ November 9

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ပတ်သက် ဆက်နွယ်သည် ဟုဆိုကာ ဒေသခံ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့် တရားစွဲဆိုထားကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးခံရသူ ၅ ဦးမှာ သံတွဲမြို့ခံ ပရဟိတသမား ဦးစိန်ချစ်နှင့် လင်းသာရပ်ကွက်နေ ဦးရဲနိုင်ဦး တို့ဖြစ်ပြီး အမျိုးသမီး ၃ ဦးမှာ သံတွဲမြို့၊ အမှတ် (၇) ရပ်ကွက်မှ မတင်စန္ဒာဝင်း (၂၅ နှစ်)၊ မစိမ်းအေးချမ်းသူကျော် (၃၅ နှစ်) နှင့် မသိမ့်အေးချမ်း (၁၇ နှစ်)တို့ ဖြစ်သည်။

ဖမ်းဆီးခံရသည့် ၅ ဦးအနက် ဦးစိန်ချစ်နှင့် ဦးရဲနိုင်ဦးတို့ကို ယမန်နေ့ (နိုဝင်ဘာ ၈ ရက်) က သံတွဲမြို့နယ်တရားရုံးတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) ဖြင့် အမှုစွဲတင်လိုက်ပြီ ဖြစ်ကြောင်း ယင်းအမှုအား လိုက်ပါဆောင်ရွက်သည့် တရားလွှတ်တော်ရှေ့နေ ဒေါ်သိင်္ဂီမောင်က ပြောသည်။

၎င်းက “မနေ့က ကိုစိန်ချစ်တို့ အမှုကို သံတွဲမြို့နယ် တရားရုံးမှာ တရားစွဲတင်ပါတယ်။ အမှုတွဲအဖြစ် သူတို့ ၂ ယောက်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ၅၂ (က) နဲ့ စွဲထားပါတယ်။ လာမယ့် နိုဝင်ဘာ ၂၂ ရက်နေ့မှာ မှုခင်းစီမံခန့်ခွဲရေးလုပ်ဖို့ ချိန်းဆိုလိုက်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် ဖမ်းဆီးခံ အမျိုးသမီး ၃ ဦး၏ အမှုနှင့်ပတ်သက်၍ ယမန်နေ့က သံတွဲမြို့နယ် တရားရုံးတွင် ချုပ်ရမန်ရယူပြီး ရဲတပ်ဖွဲ့က ချုပ်နှောင် စစ်ဆေးလျက် ရှိကြောင်း မိသားစုဝင်များထံမှ သိရသည်။

PDF အဖွဲ့ဖြင့် ဆက်စပ်သည် ဟုဆိုကာ သံတွဲမြို့ခံ ဦးစိန်ချစ်ကို ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းတွင် ဦးရဲနိုင်ဦးကိုပါ အမှုတွဲအဖြစ် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အလားတူ သံတွဲမြို့အမှတ် (၇) ရပ်ကွက်မှ အမျိုးသမီး ၃ ဦးကိုလည်း အောက်တိုဘာ ၃ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်သို့ လာရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း လက်ရှိတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ဆက်နွယ်သည် ဟုဆိုကာ သံတွဲမြို့ခံ ၅ ဦးနှင့် မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ ကိုအောင်နိုင်မြင့် အပါအဝင် စုစုပေါင်း ရခိုင်တိုင်းရင်းသား ၆ ဦး တို့ကို စစ်ကောင်စီက ဖမ်းဆီးထားပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် အသီးသီး အမှုဖွင့်ကာ တရားစွဲဆိုထားသည်။

https://www.facebook.com/theirrawaddyburmese/posts/5050215161689262

Leave a Reply

Your email address will not be published.