သရုပ်ဖော်ပန်းချီလောကတွင် အောင်မြင်နေသော မလေးရှားရောက် ရခိုင်လူငယ်တစ်ဦး

By Narinjara/ 2021 November 21

မောင်မေယု(ဘူးသီးတောင်)

လွန်ခဲ့သည့်လက အင်တာနတ်လူမှုကွန်ရက်တွင် သရုပ်ဖော်ပန်းချီဆရာတစ်ဦးနှင့် ရင်းနှီးခဲ့ပါသည်။ သူသည် ငယ်ရွယ်သူတစ်ဦးဖြစ်ပြီး မြန်မာပြည်ထုတ် မဂ္ဂဇင်းကြီးများတွင် သရုပ်ဖော်ပန်းချီများ ရေးဆွဲခြင်း ၊ စာအုပ်မျက်နှာဖုံးများရေးဆွဲခြင်းဖြင့် အောင်မြင်နေသူလည်းဖြစ်ပါသည်။ သူ၏ လက်ရာများသည် ဆွဲဆောင်မှု ရှိပြီး ကြည့်ရှုခံစား၍ကောင်းပါသည်။ ထို့ကြောင့် လူကြိုက်များပြီး အောင်မြင်ကျော်ကြားနေခြင်းဖြစ်ပါမည်။

သူ၏အမည်ရင်းမှာ ဇော်သန်းဖြစ်ပြီး အနုပညာအမည်မှာ ဈာန်ရဲ ဖြစ်ပါသည်။ သူ့ကို သက္ကရာဇ် (၂၀၀၀) ပြည့်နှစ်မှာ ဖခင်ဦးမောင်အောင်သာ နှင့် မိခင်ဒေါ်မနုသာ တို့က ရခိုင်ပြည်၊မြောက်ဦးမြို့နယ်၊ မောင်ညိုကျွန်း ကျေးရွာတွင် မွေးဖွားခဲ့ပါသည်။ မွေးချင်းနှစ်ဦးအနက် အငယ်ဆုံးသားလည်းဖြစ်သည်။ ယခုဆိုလျှင် အသက်(၂၁) သာရှိသေးပြီး အောင်မြင်မှုပြေးလမ်းပေါ်ရောက်ရှိနေသော မျိုးဆက်သစ်ရခိုင့်ကြယ်တစ်ပွင့် ဆိုလည်း မမှားပေ။

သူသည် ပန်းချီဝါသနာအား ငယ်စဉ်ကတည်းက စွဲမက်ခုံမင်ခဲ့ပါသည်။ အနာဂတ်မှာ ပန်းချီဆရာတစ်ဦး ဖြစ်ချင်ခြင်းသည် သူ၏ငယ်ဘ၀ ရည်မှန်းချက်ဖြစ်သည်။ ပန်းချီဆရာဖြစ်ချင်၍ ငယ်စဉ်ကတည်းက ထမင်းမဲ့ ဟင်းမဲ့ ပန်းချီဆွဲဖြစ်ခဲ့သည်ဟုလည်း ဆိုပါသည်။ “ကလေးဘဝကတည်းက ပန်းချီဆွဲရတာကို နှစ်သက်ပါတယ် ၊ ထမင်းမေ့ဟင်းမေ့ ဆွဲလွန်းလို့ အမေ့ဆီမှာ အမြဲတမ်းအဆူခံခဲ့ရတာကို သတိရ နေပါသေးတယ်။ ကျောင်းစာ ကြည့်တိုက်က ရုပ်ပြစာအုပ်တွေကို ငှါးဖတ်ပြီး ကူးရေးကြည့်ပါတယ်။ ကိုယ်တိုင်လည်း ဇာတ်လမ်းတွေရေးပြီး ရုပ်ပြဝတ္တုအဖြစ် အပျော်တမ်း ရေးဆွဲခဲ့ပါသေးတယ်။ ကြီးလာရင် ပန်းချီဆရာ လုပ်မှာလို့ အမြဲတမ်း ပြောနေ ခဲ့သူပါ” ဟု သူ၏ ငယ်ဘဝအကြောင်းကို ပြောပြပါသည်။ 

သူသည်ငယ်စဉ်ကတည်းက ပန်းချီအနုပညာအပြင် စာဖတ်ခြင်းကိုနှစ်သက်ပြီး စာရေးချင်စိတ် ရှိသူ လည်း ဖြစ်ပါသည်။ သူ့ရည်မှန်းချက်များအား အကောင်ထည်ဖော်လို၍ ၂၀၁၆ ခုနှစ်လောက်တွင် ကျောင်းမှထွက် ပြီး ရန်ကုန်သို့ တက်လာခဲ့သည်။ ရန်ကုန်သို့ရောက်သောအခါ စာပေလောကသို့ ဝင်ရောက်ရန် ကြိုးစားခဲ့ပါ သည်။ ထင်သလောက်မလွယ်ကူသောကြောင့် အခက်အခဲများစွာကို ကြုံတွေ့ခဲ့ရသည်ဟု ဆိုပါသည်။ အလုပ် အဆင်မပြေ၍ ယောင်လည်လည် ဖြစ်နေချိန်တွင် သူနှင့်ရင်းနှီးသော ဆရာမတစ်ဦး၏ ကျေးဇူးကြောင့် ပထမ ဆုံးအနေဖြင့် သရုပ်ဖော်ပန်းချီရေးဆွဲခွင့် ရရှိခဲ့ပါသည်။ ထိုဆရာမသည် သူ့အား စာအုပ်တိုက်တစ်ခုတွင် သရုပ် ဖော်ပန်းချီရေးဆွဲရန် ဆက်သွယ်ပေးခဲ့ခြင်းကြောင့် သရုပ်ဖော်ပန်းချီလောကသို့ရောက်ရှိခဲ့ခြင်း ဖြစ်ပါသည်။

သူပန်းချီဆွဲသောအခါ ဆီဆေးပန်းချီများကို အဆွဲများပြီး မဂ္ဂဇင်းသရုပ်ဖော်ရေးဆွဲသောအခါ ဒီဂျစ်တယ် အက်ဒ်အမျိုးအစားကို အဓိကဆွဲဖြစ်ကြောင်း ဆိုပါသည်။ သရုပ်ဖော်ပန်းချီဒီဇိုင်းများကို ရေးဆွဲဖြစ်ခြင်းမှာ လည်း စာပေကို ချစ်မြတ်နိုးစိတ်ရှိခြင်းကြောင့်ဟု ဆိုပါသည်။

“သရုပ်ဖော်ပန်းချီရေးဆွဲဖြစ်တာက စာပေကို ချစ်မြတ်နိုးတဲ့ စိတ်ကြောင့်ပါ။ ကလေးဘဝတုန်းက စာရေးရတာကို သဘောကျလို့ စာရေးဆရာလည်း ဖြစ်ချင် ခဲ့သူပါ။ လုံးချင်းဝတ္ထုတွေကို ငှါးဖတ်ရင်း ဝတ္ထုမျက်နှာဖုံးတွေကို သဘောကျခဲ့ပါတယ်။ ကိုယ်တိုင်လည်း စာတို ပေစတွေ ရေးဖြစ်လာတဲ့အခါ အဖုံးအဖြစ် ၊ သရုပ်ဖော်အဖြစ် ရေးကြည့်ရင်း သရုပ်ဖော်ဒီဇိုင်းဆွဲခြင်းကို စိတ်ဝင် စားလာခဲ့တာပါ” ဟု ပြောပြပါသည်။ စာပေကိုချစ်မြတ်နိုးသူ ဖြစ်ခြင်းကြောင့် စာရေးဆရာတို့၏အာဘော်ကို သဘောပေါက်၍ သရုပ်ဖော်ပုံကောင်းများကို ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်ပေမည်။

သို့သော်လည်း သရုပ်ဖော်ပန်းချီလောက ၊ စာပေလောကကို နဖူးတွေ့ဒူးတွေ့ ကြုံတွေ့လာရသောအခါ စိတ်ဓါတ်ကျမှုများရှိလာခဲ့၍ ခဏတာစွန့်လွှတ်ဖြစ်ခဲ့သည်ဟု ဆိုပါသည်။ သူဤလောကထဲသို့ ရောက်စတွင် အဖြူအမဲ ၊ တူးကာလ ၊ ဝမ်းကာလ သရုပ်ဖော်ပန်းချီများကိုသာ စတင် ရေးဆွဲခဲ့ရသည်။ ထိုချိန်က သူရေးဆွဲခဲ့ သော စာစောင် ၊ မဂ္ဂဇင်းများမှာ ရွှေမိုး ငွေမိုး ဂျာနယ် ၊ ဂန္ဘီရမဂ္ဂဇင်း ၊ လပြည့်ဝန်းမဂ္ဂဇင်း နှင့် မြို့နယ်မဂ္ဂဇင်း များတွင် ရေးဆွဲဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။ သို့သော်လည်း ထိုချိန်အခါက ပန်းချီဝမ်းစာအားနည်းခဲ့ခြင်းကြောင့် အဆင်မပြေမှုများရှိခဲ့ပါသည်။ နယ်ကလာသူဖြစ်၍ စားဝတ်နေရေးလည်း အဆင်မပြေခဲ့ချေ။ ထိုသို့ စိတ်ဓါတ် ကျစရာ အခက်အခဲများကြောင့် ဤလောကအား ခဏတာစွန့်လွှတ်ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုပါသည်။

ထို့ကြောင့် သူသည် ၂၀၁၉ ခုနှစ်တွင်  မလေးရှားနိုင်ငံသို့ ထွက်ခွာရန် ဆုံးဖြတ်ဖြစ်ခဲ့ပါသည်။ သို့သော်လည်း ကံဆိုးသည်ဟုဆိုရမည်။ သူရောက်ရှိသွားချိန်သည် ကိုဗစ်ရောဂါစဖြစ်ချိန် ဖြစ်ပါသည်။ ထို့ကြောင့် မလေးရှားနိုင်ငံတွင်လည်း အဆင်မပြေချေ။ ထိုချိန်တွင် ပန်းချီပြန်ဆွဲရန် အကြောင်းဖန်လာခဲ့ပါ သည်။ အောင်မြင်မှုရရှိမည့်အချိန်သို့ ရောက်ရှိလာပြီဟုလည်း ဆိုရမည်။

မလေးရှားနိုင်ငံ၌ အလုပ်လုပ်နေစဉ် ၂၀၂၀ပြည့်နှစ် အစောပိုင်းကာလတွင် ကောင်းဆုသာစာပေမှ အဖုံးပန်းချီရေးဆွဲရန် ကမ်းလှမ်းလာခဲ့ပါသည်။ ဤပန်းချီဆွဲခြင်းသည် သူ၏ဝါသနာဗီဇဖြစ်သည့် အတွက် အကြာ ကြီးမစွန့်လွှတ်နိုင်ခဲ့ပေ။ ထို့ကြောင့် ပြန်လည် ဆွဲဖြစ်လာခဲ့ပါသည်။ ထိုတစ်နှစ်လုံးတွင် စာအုပ်အဖုံးပေါင်း (၂၀) ကျော်နှင့် မဂ္ဂဇင်းသရုပ်ဖော်ပုံပေါင်း (၃၀၀) နီးပါး ရေးဆွဲဖြစ်ခဲ့ကြောင်းဆ ိုပါသည်။ ထိုအထဲမှ ထင်ရှားသော စာရေးဆရာများ၏ စာအုပ်မျက်နှာဖုံးများမှာ ဆရာနွမ်ဂျာသိုင်း ၏ “တစ်ပင်တည်း ရင်ထဲကနွယ်” “နွေ၏ အလွန်” “မိုက်မဲလွန်းသော မိန်းမတစ်ယောက်” တို့ဖြစ်သည်။ ပြီးလျှင် ဆရာမောင်လှမျိုး(ချင်းချောင်းခြံ) ၏ အချစ်ကဗျာ အတွဲ(၁)(၂) နှင့် ဝတ္ထုတို ၁၀၀ (၁)(၂) တို့လည်းပါဝင်ခဲ့ပါသည်။

သူဆွဲဖြစ်ခဲ့သော မဂ္ဂဇင်းများမှာလည်း မြန်မာပြည်၏ နာမည်ကြီးမဂ္ဂဇင်းများ ဖြစ်ပါသည်။ “မြဝတီ မဂ္ဂဇင်း ၊ ငွေတာရီမဂ္ဂဇင်း ၊ မဟေသီမဂ္ဂဇင်း ၊ Face မဂ္ဂဇင်းတွေမှာ လစဉ်ရေးဖြစ်ခဲ့ပါတယ်။ နောက်ပြီး စာရေး ဆရာအသစ်တို့ရဲ့ ဝတ္ထုတိုစုစည်းမှုတွေ၊ ပြန်လည်တူးဖော်တဲ့ လုံးချင်းဝတ္ထုတွေ ၊ ဒု/တ အကြိမ်အဖြစ် ပြန်လည် ပုံနှိပ်တဲ့ စာအုပ်တွေမှာ အဖုံးနဲ့ အတွင်းအပြင်ကာလာစုံတွေ ရေးခဲ့ပါတယ်။ ဇလပ်နီစာပေတိုက်ထုတ် အမှတ်စဉ် တွေမှာလည်း အတွင်းသရုပ်ဖော်ပုံတွေ ရေးဖြစ်ခဲ့ပါတယ်။ ယခုလည်း ဆက်လက်ရေးနေတုန်းပါ” ဟု သူရေး ဆွဲဖြစ်သည့် မဂ္ဂဇင်း၊စာအုပ်များကို ပြောပြပါသည်။

ယခုအချိန်တွင် သူသည် အသက်ငယ်ငယ်နှင့် အောင်မြင်သည့် သရုပ်ဖော်ပန်းချီဆရာ တစ်ဦး ဖြစ်နေပါပြီ။ သို့သော်လည်း ဝမ်းနည်းစရာကောင်းသည်မှာ မြို့နယ်မဂ္ဂဇင်းများ အများဆုံး ထုတ်ဖြစ်ကြသော သူ၏မွေးရပ်မြေ ရခိုင်ဒေသတွင် သရုပ်ဖော်ပန်းချီများ မဆွဲဖူးခြင်းပင် ဖြစ်သည်။ ရခိုင်လူမျိုးတစ်ဦးဖြစ်သည့်အတွက် ရခိုင်မှ ထုတ်သော မဂ္ဂဇင်းများတွင် ဆွဲကြည့်ချင်နေပါသည်။ ကမ်းလှမ်းလာခဲ့ပါက တတ်အားသရွေ့ပံ့ပိုးကူညီမည့် အကြောင်းကို “ကျွန်တော် ကိုယ်ပြည်ထုတ် မဂ္ဂဇင်းတွေအတွက် တတ်အားသရွေ့ ပံ့ပိုးကူညီလိုစိတ် ရှိပါတယ်” ဟုဆိုပါသည်။

သူ့အနေဖြင့် မလေးရှားနိုင်ငံတွင် အလုပ်အဆင်မပြေသော်လည်း သရုပ်ဖော်ပန်းချီများကို မပြတ်တမ်း ရေးဆွဲနေရသည့်အတွက် အဆင်ပြေနေခဲ့ပါသည်။ ထို့ကြောင့် အိမ်ပြန်၍ သရုပ်ဖော်ပန်းချီဆွဲခြင်းဖြင့် အသက် မွေးရန် ဆုံးဖြတ်ဖြစ်ခဲ့ဖူးပါသည်။ သို့သော်လည်း မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေ ၊ ဗိုင်းရပ်စ်ရောဂါ အခြေ အနေများကြောင့် သူရေးဆွဲနေသော မဂ္ဂဇင်း ၊ စာအုပ် အချို့မှာ ရပ်နားခဲ့၍ အိမ်မပြန်ဖြစ်ခဲ့ပါချေ။ နိုင်ငံရေး နှင့် ဗိုင်းရပ်စ်ရောဂါအခြေအနေတို့ ပြန်လည်တည်ငြိမ်လာပြီး စာအုပ်များပုံမှန် ထွက်ဖြစ်လာပါက မိမိ၏ဇာတိ မြေသို့ပြန်ပြီး ပုံဆွဲခြင်းဖြင့်အသက်မွေးချင်ခြင်းသည် သူ၏လက်ရှိဆန္ဒပင်ဖြစ်ပါသည်။ “လက်ရှိမလေးရှားမှာ ကိုဗစ်နဲ့ အဆင်မပြေလို့ မလေးကို တက်လာတဲ့ ငွေကို ပုံဆွဲပြီး ပြန်ရှာနေရ ပါတယ်။ မလေးရှားဟာ ကျွန်တော့်ကို ကောင်းကျိုးမပေးဟု ဆိုရပါမယ်။ ဒီမှာမပျော်ပါ။ ကိုယ့်အိမ်ကိုပြန်ပြီး ကိုယ့်ဝါသနာနဲ့ အသက်မွေးဝမ်းကျောင်း ပြုချင်ပါတယ်။ အဖုံး ၊ အတွင်းဒီဇိုင်းတွေတောင်မက ပန်းချီကားတွေ ကိုပါ အိမ်ပြန်ပြီး ရေးဆွဲချင်စိတ် ပြင်းပြ နေပါတယ်” ဟု သူ၏ဖြစ်ချင်ခြင်း ဆန္ဒကိုပြောပြပါသည်။

ယခုအချိန်တွင် သူသည် မလေးရှားနိုင်ငံ၌နေထိုင်ပြီး မြန်မာပြည်မှ မဂ္ဂဇင်း ၊ စာအုပ်များအတွက် သရုပ် ဖော်ပန်းချီများ ရေးဆွဲပေးလျက်ရှိပါသည်။ ပန်းချီဈာန်ရဲ သည် ပန်းချီဒီဇိုင်းဖန်တီးခြင်းကို စွဲမက်ခုံမက်ပြီး အမြဲတမ်းကြိုးစားသင်ယူနေသော လူငယ်တစ်ဦးဖြစ်သည့်အတွက် အနာဂတ်တွင်လည်း အောင်မြင်မှု များစွာကို ရရှိလိမ့်မည်ဟု  ယုံကြည်နေမိပါသည်။

                                                                                                                        မောင်မေယု(ဘူးသီးတောင်)

https://www.facebook.com/narinjara.info/posts/4902025073142864

Leave a Reply

Your email address will not be published.