လူငယ်စာရေးဆရာ မင်းဒီပါ အမှုတွင် တရားလိုနှင့် လိုပြသက်သေများအား စတင်စစ်ဆေး

By Western News/ 2021 November 26

PDF နှင့်ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပေဒေပုဒ်မဖြင့်တရားစွဲခံထားရသည့် လူငယ်စာရေးဆရာတစ်ဦးဖြစ်သူ မင်းဒီပါ(မြို့ဟောင်းမြေ)အမှုအား မြောက်ဦးခရိုင်တရားရုံးတွင် တရားလိုနှင့် လိုပြသက်သေများအား စတင်စစ်ဆေးခဲ့သည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေကပြောသည်။

နိုဝင်ဘာ ၂၆ ရက် ယနေ့ရုံးချိန်းတွင် တရားလိုနှင့် လိုပြသက်သေ ၄ ဦးကို စစ်ဆေးခဲ့ပြီး လာမည့် ဒီဇင်ဘာ ၃ ရက်နေ့ ရုံးချိန်းတွင် လိုပြသက်သေများအား ထပ်မံ စစ်ဆေးသွားမည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် Thazin Lagal Institute မှ အထက်တန်းရှေ့နေ ဦးကျော်စိုးလင်းက Western News ကိုပြောသည်။

“ဒီနေ့ရုံးချိန်းမှာ တရားလိုနဲ့ လိုပြသက်သေ ၄ ဦးကိုစတင်စစ်ဆေးပါတယ်။ နောက်ရုံးချိန်းကိုတော့ကို ဒီဇင်ဘာ ၃ ရက်နေ့ကိုထပ်ချိန်းလိုက်ပြီး လိုပြသက်သေတွေကို ထပ်မံစစ်ဆေးသွားမှာ”ဟုပြောသည်။

လူငယ်စာရေးဆရာ မင်းဒီပါကို မြောက်ဦးမြို့မ ရဲစခန်းမှ ဒုရဲမှူးစိုးတင်က အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)ဖြင့် မြောက်ဦးခရိုင်တရားရုံးတွင် တရားလိုလုပ်ကာ တရာားစွဲဆိုထားခြင်းဖြစ်ပြီး လိုပြသက်သေစုစုပေါင်း ၇ ယောက်ပါဝင်သည်။

စာရေးဆရာ မင်းဒီပါအား ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်နေ့ နေ့လည် ၁ နာကျော်ခန့်က အရပ်ဝတ်ဖြင့်ရဲတပ်ဖွဲ့က ၎င်းနေအိမ်သို့ ဝင်ရောက်ပြီးဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် PDFနှင့် ဆက်စပ်နေသည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးအမှုဖွင့်ခံထားရသူ ၆ ဦးအထိရှိလာနေသည်။ ၎င်းတို့မှာ သံတွဲမြို့ခံ ဦးစိန်ချစ်၊ ကိုရဲနိုင်ဦး၊ ဒေါ်ငြိမ်းအိဖြူကျော်၊ မတင်စန္ဒာဝင်း၊ ဒေါ်စခန်းချိုသိုက် နှင့် မြောက်ဦးမြို့နယ်မှ လူငယ်စာရေးဆရာ မင်းဒီပါ(ခေါ်) ကိုအောင်နိုင်မြင့် တို့ဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/416901680116342

Leave a Reply

Your email address will not be published.