လင်းမြွေတောင်တန်းတွင် တရားမဝင်ကျောက်ထုတ်ယူနေမှုကို ပြည်နယ်ကောင်စီဘက်မှ အရေးယူမည်ဟုဆို

By Western News/ 2021 November 15

ရခိုင်ပြည်နယ် မြောက်ဦး-ကျောက်တော်ကားလမ်းဘေးရှိ ရှေးဟောင်းနယ်မြေတစ်ခုဖြစ်သည့် လင်းမြွေတောင်တန်းတွင် တရားမဝင်ကျောက်ထုတ်ယူမှုများရှိနေသည်ကို အရေးယူဆောက်ရွက်သွား မည်ဟု ရခိုင်ပြည်နယ် ကောင်စီမှ ပြောသည်။

တောင်တန်းတွင် တရားမဝင်ကျောက်ထုတ်နေမှုမှာ နှစ်ကာလအားဖြင့် ကြာနေပြီဖြစ်ပြီး လက်ရှိအချိန်ထိလည်း ဘက်ဟိုးကြီးများဖြင့် တူးယူနေကြဆဲဖြစ်သည်ဟု လင်းမြွေတောင်အနီးတွင်ရှိသည့် ထိပ်ဝပြင်ကျေးရွာမှအုပ်ချုပ် ရေးမှူ ဦးဘမောင် ကပြောသည်။

“ကျောက်ကတော့ ခုချိန်ထိ ဘက်ဟိုးတွေနဲ့တူးပြီး ထုတ်နေကြတုန်းပဲ။ သူတို့လုပ်နေတာကနှစ်တွေလည်းကြာနေပြီ။ ဒါကိုတားဖို့ ဘာလိုလုပ်ရင်ကောင်းမလဲလို့ ကျနော်လည်းစဉ်းစားနေတာပဲ” ဟုပြောသည်။

လင်းမြွေတောင်တန်းမှာ မြောက်ဦးနယ်နိမိတ်တွင်ပါဝင်ပြီး ဒုတိယဓညဝတီခေတ် ထွန်းကားခဲ့သည့်အထောက် အထားများရှိသည့်နေရာတစ်ခုဖြစ်ကာ ယခုကဲ့သို့ကျောက်ထုတ်နေမှုမှာ ယဉ်ကျေးမှုအမွေအနှစ်ထိခိုက်သလို သဘာဝပတ်ဝန်းကျင်လည်း ထိခိုင်မှုရှိသည်ဟု မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့၏ ဥက္ကဋ္ဌ ဒေါ်ခင်သန်း က Western News သို့ပြောဆိုထားသည်။

တောင်တန်းမှ ကျောက်ထုတ်ယူသူများကမူ လုပ်ငန်းစလုပ်သည့် အချိန်မှစ၍ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် လိုင်စင်ဆောင်ထားပြီးဖြစ်သည်ဟု ကျောက်ထုတ်နေသူတစ်ဦးဖြစ်သူ တိမ်ညိုကျေးရွာမှ ကိုကျော်မြင့်ချေကပြောသည်။

ထိုပြောဆိုချက်အရ Western News မှ မြောက်ဦးမြို့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုမောင်က ထိုလုပ်ငန်းများနှင့် ပတ်သက်၍ လိုင်စင်ဆောင်မှုတစ်စုံတစ်ရာမရှိဟု ပြန်လည်ဖြေဆိုခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်နယ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက အစိုးရအဖွဲ့ အတွင်းရေးမှူးများအားမေးမြန်း၍ အရေးယူဆောက်ရွက်သွားမည်ဟု ပြောသည်။

“ဒီကျောက်တို့ သဲတို့ကိုထုတ်တဲ့အခါမှာ သူ့လုပ်ပိုင်ခွင့်ကိုလိုင်စင်ပေးမယ်ဆိုလို့ရှိရင် ခရိုင်အဆင့် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနမှူးက လုပ်ပိုင်ခွင့်ပေးနိုင်တယ်။ တကယ်လို့ ခွင့်ပြူချက်မရှိဘဲထုတ်ယူတယ်ဆိုရင် အဲဒါနဲ့ပတ် သက်ပြီး အရေးယူရမှာပေါ့။ ခုကိစ္စနဲ့ပတ်သက်ပြီး အရေးယူမှာကိုတော့ အစိုးရအဖွဲ့ကအတွင်းရေးမှူးပိုင်းတွေကို မေးပြီး စလုပ်ရမှာပါ” ဟုပြောသည်။

https://www.facebook.com/westernnewsagency/posts/409690537504123

Leave a Reply

Your email address will not be published.