By Western News/ 2021 November 21
ရခိုင်ပြည်နယ် မြောက်ဦးနယ်နိမိတ်ထဲတွင်ရှိသည့် လင်းမြွေတောင်တန်းတွင် တရားမဝင် ကျောက်ထုတ်နေမှုအား မြို့နယ်အုပ်ချုပ်ရေး ပိုင်းမှစစ်ဆေးမှုများပြုလုပ်နေသည်ဟု မြို့နယ်အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများကပြောသည်။
ပြည်နယ်ကောင်စီပိုင်းမှလည်း အဆိုပါကျောက်ထုတ်မှု ကိစ္စအား ခရိုင်မှတာဝန်ရှိသူများအားမေးမြန်းပြီး အရေးယူဆောင်ရွက်မှုပြုလုပ်မည်ဟု ရခိုင်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ ဥပဒေချုပ်ဦးလှသိန်းက Western News သို့ဖြေဆိုခဲ့သည်။
လက်ရှိတွင် အဖွဲ့များဖွဲ့ကာ စစ်ဆေးဆောင်ရွက်လျှက်ရှိနေပြီး ကျောက်ထုတ်နေသူများအားလည်း ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ခေါ်ယူထားကြောင်း မြောက်ဦး အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက Western News ကိုပြောသည်။
“ဒီကိစ္စကို ကျနော်တို့ဘက်ကအဖွဲ့တွေဖွဲ့ပြီး စစ်ဆေးဆောင်ရွက်နေတယ်။ နောက်ပြီး သူတို့တွေကိုလည်း ကျေးရွာအုပ်ချုပ်မှူးတွေကနေတစ်ဆင့်အကြောင်းကြာခေါ်ယူ တာတွေလည်းလုပ်နေတယ်” ဟုပြောသည်။
လင်းမြွေတောင်တန်းအနီးရှိ ထိပ်ဝပြင်ကျေးရွာမှ အုပ်ချုပ်ရေးမှူးက ယခင်ကျောက်တူးသည့် ဘက်ဟိုးမှာတောင်တန်းနား၌ အမြဲတမ်းရှိနေတတ်ပြီး ယခုမရှိတော့ဟု ပြောသည်။
“လက်တွေဘာတွေနဲ့ အရင်တူးထားတဲ့ကျောက်တွေကို ထုတ်နေတာတော့ တွေ့နေသေးတယ်။ အရင်လိုဘက်ဟိုးကြီးနဲ့တူးတာတော့ မတွေ့တော့ဘူး။ ပုံမှန်ဆိုဘက်ဟိုးကအမြဲတမ်းရှိတယ်လေ” ဟုပြောသည်။
ကျောက်ထုတ်နေမှုအားတားမြစ်မှုများရှိသည့်အတွင် ယခင်ကဲ့သို့ကျောက်ထုတ်သူများမတွေ့တော့ကြောင်း မည်သူကလာရောက်တားမြစ်သည်ကိုမူ သေချာမသိဟု ကျီရာပြင်ကျေးရွာအုပ်ချုပ်ရေးမှုး ဦးတင်အေးမောင်ကပြောသည်။
လင်းမြွေတောင်တန်းမှာ ရှေးဟောင်းအမွေအနှစ်နေရာတစ်ခုဖြစ်သည့်အလျောက် ကျောက်ထုတ်ယူမှုမှာ အမွေအနှစ်အားဆုံးရှုံးနိုင်ပြီး သဘာဝပတ်ဝန်းကျင်ကိုထိခိုက်နိုင်သည်ဟု ယဉ်ကျေးမှုထိန်းသိမ်းရေးအဖွဲ့ဝင်များကပြောဆိုထားကြသည်။
https://www.facebook.com/westernnewsagency/posts/413710753768768