လက္ကာရွာသားများအမှု အမိန့်မချဘဲ ထပ်မံရွှေ့ဆိုင်းပြန်

By Development Media Group (DMG)/ 2021 November 19

၂ နှစ်ကျော်ကြာ ဖမ်းဆီးချုပ်နှောင်ခံထားရသည့် မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာသား ၂၀ ကျော်တို့အမှုကို ယနေ့(နိုဝင်ဘာလ ၁၉ ရက်နေ့)တွင် ရုံးထုတ်ခဲ့သော်လည်း အမိန့်မချဘဲ ရုံးချိန်းထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

အဆိုပါအမှုတွင် စစ်ဆေးမှုများပြီးစီး၍ အပြီးသတ်အမိန့်ချရန်သာ ကျန်သော်လည်း ပြီးခဲ့သည့် နိုဝင်ဘာလ ၅ ရက်နေ့က တရားရုံးမှ အဆင့်သင့်မဖြစ်သေးဟုဆိုကာ ရုံးချိန်းရွှေ့ဆိုင်းခဲ့သည်။

ယနေ့ရုံးချိန်းတွင်လည်း တရားသူကြီးခွင့်ယူထားသည်ဟုဆိုကာ အမိန့်မချဘဲ ဒီဇင်ဘာလ ၃ ရက်နေ့သို့ ထပ်မံရုံးချိန်းလိုက်ကြောင်း မင်းထီး Law Firm အဖွဲ့မှ တရားလွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်းက ပြောသည်။

“ဒီနေ့ တရားသူကြီးခွင့်ယူထားတယ်။ ဒါကြောင့်အမိန့်မချဖြစ်။ ရုံးချိန်းထပ်ပြီးချိန်းဆိုလိုက်တယ်”ဟု ဦးအောင်စစ်မင်းက ပြောသည်။

လက္ကာကျေးရွာသား ၂၀ ကျော်မှာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဧပြီလအတွင်းက ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဆိုသည့် သံသယဖြင့် ဖမ်းဆီးခံခဲ့ရသည်။

အဆိုပါကျေးရွာသားများမှာ ၆၀/၂၀၁၉ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(က)၊ ၅၀(ဈ)၊ ၅၂(က)၊ ၅၄ ရာကြီးအမှတ် ၂/၂၀၂၀ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(က)၊ ၅၀(ဈ)၊ ၅၂(က)၊ ၅၄ နှင့် ၁၉၄၉ လက်နက်အရေးပေါ်(ယာယီ) ဥပဒေပုဒ်မ- ၂၁(က)တို့ဖြင့် တရားစွဲဆိုခံထားရသည်။

ဖမ်းဆီးခံလက္ကာရွာသားများအမှုကို စစ်ဆေးပြီးဖြစ်သော်လည်း အမိန့်မချဘဲ ရုံးချိန်းရွှေ့ဆိုင်းနေသည့်အပေါ် မိသားစုဝင်များက မေးခွန်းထုတ်ပြောဆိုနေကြသည်။

“အစိုးရဖက်က တရားလွန်နေပြီလို့မြင်မိတယ်”ဟု လက္ကာကျေးရွာမှ ဖမ်းဆီးခံရသူ ကိုဦးလှမောင်(၂၄)နှစ်၏မိခင် ဒေါ်စံသာနု ကပြောသည်။

လက္ကာကျေးရွာသားများမှာ AA ကို အကြမ်းဖက်အဖွဲ့အဖြစ် မကြေညာသေးသည့်အချိန်ကတည်းက ဖမ်းဆီးခံထားရခြင်းဖြစ်သည်။

ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်အဖွဲ့အဖြစ်က ရုပ်သိမ်းပြီးနောက်မှာ ရခိုင်ပြည်အတွင်းက အကြမ်းဖက်မှုဖြင့်တရားစွဲဆိုခံထားရသူများ၏အမှုအချို့ကို စစ်ကောင်စီက ပြန်လည်ရုပ်သိမ်းပေးမှုများရှိသော်လည်း နှစ်ရှည်တရားရင်ဆိုင်နေရသည့် လက္ကာကျေးရွာသားများမှာ ယနေ့အထိ လွတ်မြောက်လာခြင်းမရှိသေးပေ။

“သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ တရားစီရင်ရေးမဏ္ဍိုင်အားကောင်းရန်အတွက် ကူညီပေးဖို့၊ စွပ်စွဲခံထားရသူတွေရဲ့အခွင့်အရေး၊ ထိခိုက်နစ်နာမှုကို ထည့်သွင်းစဉ်းစားပေးစေချင်တယ်”ဟု ရှေ့နေအောင်စစ်မင်းက DMG သို့ ပြောဆိုထားသည်။

ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ နှစ်နှစ်ကျော်ကာလအတွင်း အေအေနှင့်ဆက်စပ် သည်ဆိုသည့်သံသယဖြင့် ဖမ်းဆီးတရားစွဲဆိုခံရသူ ၂၀၀ ကျော်အထိ ရှိခဲ့သည်။

https://www.facebook.com/dmgnewsagency/posts/2160756120743454

Leave a Reply

Your email address will not be published.