ရွှေမောင်းအလုံးပေါင်း ၁၂၀ ကျော်ရရှိခဲ့သည့် ရခိုင်ရိုးရာကျင်ပညာရှင်ကြီးဦးမောင်နီ ကွယ်လွန်

By Narinjara/ 2021 November 20

မြထွီးသျှင်

ရခိုင်ရိုးရာကျင်ပညာရှင် ဆရာကြီးဦးမောင်နီသည် လူကြီးရောဂါဖြင့် ပြီးခဲ့သည့်ရက်ပိုင်းက ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

ဆရာကြီးဦးမောင်နီသည် နိုဝင်ဘာလ ၁၈ ရက်၊ ညနေ ၆ နာရီကျော်တွင် သူ၏နေအိမ်၌ ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

ကွယ်လွန်ချိန်တွင် အသက် ၈၈ နှစ်ရှိပြီဖြစ်ပြီး သားသမီး ၄ ဦးကျန်ခဲ့သည်ဟု သိရသည်။

ဆရာကြီး၏ရုပ်အလောင်းကို ယနေ့ နိုဝင်ဘာလ ၂၀ ရက် ညနေ ၃ နာရီတွင် သူ၏ဇာတိဖြစ်သော ပေါက်တောမြို့နယ်၊ တောင်ညိုကျေးရွာရှိ သုသာန်၌ မီးသင်္ဂြိုလ်သွားမည်ဟု သိရသည်။

ဆရာကြီးကွယ်လွန်သွားခြင်းသည် ရခိုင်ကျင်လောကအတွက် အားတစ်ခုလျော့သွားသလို ဆရာကြီး၏တပည့်သားသမီးများကလည်း လွန်စွာမှခံစားရကြောင်း တပည့်တစ်ဦးဖြစ်သူ ကိုသာထွန်းဦးက နိရဥ္စရာသို့ပြောသည်။

“ရခိုင့်ကျင်လောကမှာ နာမည်ကြီးတဲ့ဆရာတစ်ယောက် ဆုံးရှုုံးသွားတဲ့အတွက် ဝမ်းနည်းမိပါတယ်။ ဆရာက ကျင်မကိုင်နိုင်တော့ရင်တောင် အကြံဉာဏ်ပေးတယ်။ ကျင်လောကတစ်ခုလုံးအတွက်လည်း အခုလို ဆရာကောင်းတစ်ယောက် ဆုံးရှုံးသွားရတော့လည်း အားငယ်မိပါတယ်” ဟုပြောသည်။

ဆရာကြီးဦးမောင်နီသည် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်၊ တောင်ညိုရွာဇာတိဖြစ်ပြီး အသက် ၂၀ ကျော်အရွယ်ကတည်းကပင် ကျင်ကြိုးဝိုင်းထဲသို့ စတင်အခြေချခဲ့သူဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း ဘုရားပွဲတော်များ၊ ရိုးရာပွဲတော်များနှင့် ဘုန်းကြီးပျံပွဲများတွင် ကျင်လှည့်လည်ယှဉ်ပြိုင်ခဲ့ပြီး ကျင်ကိုင်ရင်း မိသားစုစားဝတ်နေရေးကိုဖြေရှင်းခဲ့သူလည်းဖြစ်သည်။

ဆရာကြီး၏ဘဝတစ်သက်တာတွင်လည်း ကျင်ပွဲတိုင်းနီးပါးအနိုင်ရရှိမှုများရှိခဲ့ပြီး ရွှေမောင်းအလုံးပေါင်း ၁၂၀ ကျော်ရရှိခဲ့သည်။

ယင်းသို့ ပြည်နယ်ဂုဏ်ကိုဆောင်နိုင်ခဲ့သည့်အတွက် ဆရာကြီးဦးမောင်နီကို ၂ဝ၁၄ ခုနှစ်တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးမောင်မောင်အုန်းက ဂုဏ်ပြုဆုချီးမြှင့်ခဲ့သည်။

ဆရာကြီးသည် အသက် ၄၇ နှစ်အရွယ်တွင် ကျင်လောကမှ အနားယူခဲ့ကြောင်းလည်း သိရသည်။

https://www.facebook.com/narinjara.info/posts/4898449573500414

Leave a Reply

Your email address will not be published.