ရိုဟင်ဂျာနဲ့ လူနည်းစုအခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက် ကုလသမဂ္ဂအတည်ပြု

By VOA/ 2021 November 19

ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ရွှေ့ပြောင်းဝင်ရောက်သွားကြပုံ။ (စက်တင်ဘာ ၄၊ ၂၀၁၇)

နိုင်ငံတကာလူ့အခွင့်အရေးကိစ္စတွေကို ဆောင်ရွက်တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ၊ တတိယကော်မီတီ က “မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက် အဆိုမူကြမ်း”ကို မနေ့ နိုဝင်ဘာ ၁၇ ရက်နေ့မှာ အတည်ပြု ဆုံးဖြတ်လိုက်ပါတယ်။

အစည်းအဝေးကို တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ သဘောတူညီချက်နဲ့ အတည်ပြုလိုက်တဲ့ ဒီ ဆုံးဖြတ်ချက်မှာ မြန်မာလူထုက လိုလားတောင့်တတဲ့ ဒီမိုကရေစီအရေးကို အလေးထားပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဖော်ဆောင်ဖို့၊ တရားဥပဒေကို လေးစားလိုက်နာဖို့၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ တိုင်းပြည်အရေးပေါ်အခြေအနေကို ပြန်ရုပ်သိမ်းဖို့ စတဲ့အချက်တွေကို အထွေထွေညီလာခံ ကနေ တောင်းဆိုဖို့ ပါရှိပါတယ်။

ဒီ အဆိုပြုချက်မူကြမ်းကိုတော့ OIC အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နဲ့ EUဥရောပ သမဂ္ဂတို့က ပူးတွဲ တင်သွင်းခဲ့ကြတာပါ။

မြန်မာနိုင်ငံတွင်းမှာရှိနေတဲ့ ရိုဟင်ဂျာတွေအပါအဝင် တိုင်းရင်းသားလူမျိုးစုတွေအပေါ် စစ်ရာဇဝတ်မှုနဲ့ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုအပါအဝင် တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာနဲ့ပတ်သက်ပြီး အခုလို ဆုံးဖြတ်ချက်ချလိုက်တဲ့အပေါ် ကြိုဆိုကြောင်း ကုလသမဂ္ဂဆိုင်ရာ အီးယူကိုယ်စားလှယ်အဖွဲ့ရုံးက ဆုံးဖြတ်ချက်ချပြီး မကြာခင်မှာ ကြေ ညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အခု အဆိုပြုချက်ထဲမှာပါဝင်တဲ့ ရာဇဝတ်မှုတွေကို ၂၀၁၆ အောက်တိုဘာလနောက်ပိုင်းမှာ ကျူးလွန်ခဲ့တာလို့ အီးယူရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ရိုဟင်ဂျာအရေးကိစ ္စဟာ မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ကိစ္စတွေထဲက တခုကြောင်း၊ ဒီကိစ္စကို အားလုံးပါဝင်ပြီး ဘက်စုံထောင့်စုံ က ချဉ်းကပ်အဖြေရှာရမှာဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာ သိမ်းပြီးနောက် အတင်းအကြပ် ဖမ်းဆီး၊ ညှဉ်းပန်းနှိပ်စက်တာနဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ် မှုတွေနဲ့ပတ်သက်လို့ မှတ်တမ်းတင်ထားတာတွေ ရှိနေကြောင်းနဲ့ အဲဒီ ပြစ်မှုကျူးလွန်သူတွေကို တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ အရေးယူမှုတွေ လုပ်နိုင်ရေးအတွက် နိုင်ငံတကာ အသိုက်အဝန်းကို တိုက်တွန်းပါကြောင်း မနေ့က တတိယကော်မတီအစည်းအဝေးအတွင်း ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက် အဆိုမူကြမ်း” ကို ကုလသမဂ္ဂက မဲခွဲအတည်ပြုတာ ဒီတကြိမ်ထဲတော့ မဟုတ်ပါဘူး။ အီးယူနဲ့ OIC တို့က တင်သွင်းတဲ့ အလားတူ မူကြမ်းကို (၇၅) ကြိမ်မြောက် အထွေထွေညီလာခံက ထောက်ခံမဲ ၁၃၀၊ ကန့်ကွက်မဲ ၉ မဲ၊ ကြားနေမဲ ၂၆ မဲနဲ့ မနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့မှာ တကြိမ် ဆုံးဖြတ် အတည်ပြုထားပြီး ဖြစ်ပါတယ်။

https://www.facebook.com/VoA.Burmese.News/posts/10159551256375170

Leave a Reply

Your email address will not be published.