By VOA/ 2021 November 23

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Bhasan Char ကျွန်းပေါ်ကို ပြောင်းရွှေ့ခံရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ လွတ်လွတ်လပ်လပ်သွားလာခွင့်နဲ့ တခြားအခွင့်အရေးတွေကို အကာအကွယ်မပေးဘဲနဲ့တော့ ဒုက္ခသည်တွေကို ကျွန်းပေါ်ပြောင်းတာ ရပ်ထားသင့်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က ဘင်္ဂလား ဒေ့ရှ်အာဏာပိုင်တွေကို တိုက်တွန်းလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒုက္ခသည်စခန်းတွေထဲက ဒုက္ခသည်မိသားစု ရာပေါင်းများစွာကို ကျွန်းပေါ်ပြောင်းရွှေ့ဖို့ စာရင်းပြုစုထားပြီဖြစ်ပြီး မကြာခင်မှာ စရွှေ့တော့မယ်လို့ ဒုက္ခသည်တွေနဲ့ လူသားစာနာမှုအကူအညီပေး လုပ်သားတွေက ပြောတဲ့အကြောင်း HRW ရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီလိုပြောင်းရွှေ့တာမျိုးတွေဟာ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး (UNHCR) နဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရကြား ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလက ချုပ်ဆိုခဲ့တဲ့ နားလည်မှုစာချွန်လွှာ (MoU) ကို ချိုးဖောက်ရာကျမယ်လို့ HRW က ထောက်ပြထားပါတယ်။ Bhasan Char ကျွန်းပေါ်က ဒုက္ခသည်တွေကို ကုလသမဂ္ဂက အထောက်အကူပြုရေး မူဘောင်တခု အဲဒီ MoU ထဲမှာ ပါရှိတာဖြစ်ပါတယ်။
Bhasan Char ကျွန်းပေါ်မှာနေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို UNHCR က အပြည့်အဝ ကူညီထောက်ပံ့ပြီး အကာအကွယ်ပေးနိုင်ရေး ဘင်္ဂလားဒေ့ရှ်အစိုးရက သေချာအောင် လုပ်ပေးသင့်တယ်လို့ အလှူရှင်နိုင်ငံတွေ နဲ့ အဖွဲ့အစည်းတွေဆီ HRW က မကြာသေးခင်ကပေးပို့ခဲ့တဲ့ စာတစောင်ထဲမှာ ရေးထားပါတယ်။
ဒုက္ခသည်တွေ ကိုယ့်သဘောထားနဲ့ကိုယ် လွတ်လွတ်လပ်လပ်နဲ့ သေချာသိနားလည်ပြီး ဆုံးဖြတ်နိုင်အောင် UNHCR က လုပ်ငန်းစဉ်တခုကို ချမှတ်ပြီးတဲ့ထိ ကျွန်းပေါ် ရွှေ့ပြောင်းတာကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေ ရပ်ထားဖို့ အလှူရှင်တွေက အခိုင်အမာပြောသင့်တယ်လို့ HRW ကပြောပါတယ်။
ဝေးလံပြီး ရေကြီးလေ့ရှိတဲ့ ကျွန်းပေါ်ကို ရိုဟင်ဂျာဒုက္ခသည် ၂၀,၀၀၀ နီးပါး ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ က ရွှေ့ထားပြီးပါပြီ။ Cox’s Bazar က ဒုက္ခသည်စခန်းတွေမှာ လူတွေပြည့်ကျပ်နေတာ သက်သာစေဖို့ အခုလို ရွှေ့ဖို့လိုတယ်လို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ဆိုပါတယ်။
ဒုက္ခသည်အတော်များများဟာ အခြေအနေကို အပြည့်အဝ သဘောပေါက် နားလည်ခြင်းမရှိဘဲ ရွှေ့ပြောင်းခံ ခဲ့ရပြီး ပြည်မဘက်ကို ပြန်လာခွင့် တားဆီးခံရတယ်လို့ HRW ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
https://www.facebook.com/VoA.Burmese.News/posts/10159561563265170