By Narinjara/ 2021 November 1
ထက်အောင်
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် မြောက်ပိုင်း၊ မညှင်းတောင်ကျေးရွာရှိ စစ်တပ်စခန်းမှ ယနေ့ ညနေ ၇ နာရီကျော်ခန့်က ပေါက်ကွဲသံများ ထွက်ပေါ်မှုကြောင့် ဒေသခံပြည်သူများကြား စိုရိမ်မှုများ မြင့်တက်ခဲ့ကြောင်း သတင်းရရှိသည်။
ထိုပေါက်ကွဲမှုကို မညှင်းတောင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်တွင် တည်ရှိသည့် ကုန်တန်း၊ ကျောက်ရံ၊ ကုလားချောင်း၊ ပြိန်းတော၊ ငစံဘော် စသည့်ကျေးရွာများမှ ကြားခဲ့ရပြီး ယင်းကျေးရွာများရှိ ဒေသခံများ အနေဖြင့် ၎င်းပေါက်ကွဲသံ ၊ သေနတ်သံများကြောင့် စိုးရိမ်ကြောက်လန့်ခဲ့ကြရသည်ဟု ကျောက်ရံကျေးရွာမှ ဦးမောင်လုံးဝင်းက ပြောသည်။
“ ကျနော်တို့ ကြားသိရသလောက်ကတော့ သူတို့စခန်းချထားတဲ့ နေရာ တစ်ခုက ပေါက်ကွဲပါတယ်။ လက်နက်ကြီး လက်နက်ငယ်တွေ ပေါက်ကွဲတာ ကြားပါတယ်။ လက်နက်ကြီးက (၅) ချက်လောက် ကြားလိုက်ပါတယ်။ တစ်နေရာတည်းက ပေါက်ကွဲသံကြားရပါတယ်။ အဲဒီလို ပေါက်ကွဲတဲ့အခါ မီးထတောက် တာလည်း တွေ့ရပါတယ်။ အဲဒီလိုပဲ ကျနော်တို့လည်း ကြောက်တစ်စလန့်တစ်စနဲ့ နေရတဲ့ ကြားထဲက ရွာကနေထွက်ကြည့်တဲ့အခါ တွေ့ရတာပါ။ စိုးရိမ်ရတာကတော့ အနီးပတ်ဝန်းကျင်ရွာတွေကို လှမ်းပြီး ပစ်ခတ်မလားဆိုတာ စိုးရိမ်ပါတယ်” ဟု ပြောသည်။
ထိုသို့ ပေါက်ကွဲသံများကြားရသော်လည်း နောက်ပိုင်းတွင် ငြိမ်သွားသဖြင့် ၎င်းတို့ကျေးရွာမှ ရွာသားများမှာ ထွက်ပြေးခဲ့ခြင်း မရှိခဲ့ဟု ၎င်းက ဆိုသည်။ ယင်း ဖြစ်ပွားသည့် အကြောင်းအရင်းကို အရပ်သားများ အနေဖြင့် သိရှိရန် မလွယ်ကူနိုင်ဟု ၎င်းက ပြောသည်။
ရသေ့တောင်မြို့နယ်မှ လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ကိုကျော်မင်းခိုင်ကလည်း “သေနတ် ပေါက်သံတွေက ၁၀ မိနစ်လောက်ပဲ ကြာတယ်။ ဘာကြောင်းဖြစ်တာဆိုတာမသိဘူး။ ပစ်ခတ်သံကြားလို့ ထွက်ကြည့်တော့ မညှင်းတောင် စခန်းက မီးစတွေ ထွက်လာတာ ကိုတွေ့ရတယ်။ နောက်တော့ ငြိမ်သွားတယ်” ဟုပြောသည်။
အဆိုပါ သေနတ်ပစ်ခတ်သံများ မည့်အတွက်ကြောင့် ဖြစ်သည်ကိုမူ အတိအကျမသိရဘူးဟု သူကဆက်ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် နယ်လုံဝန်ကြီးထံသို့ ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။
လက်နက်ကြီးလက်နက်ငယ်များ ပေါက်ကွဲသံကြားရသည့် မညှင်းတောင် ကျေးရွာမှာ ဒေသခံရွာသားများ နေထိုင်မှုမရှိသော်လည်း ယင်းရွာနှင့် အနီးပတ်ဝန်းကျင်ရွာများတွင် ဒေသခံတချို့ နေထိုင်ကြကြောင်း သိရသည်။
မညှင်းတောင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများတွင် လွန်းခဲ့သည့် (၂) နှစ်ခန့်က စစ်တပ်နှင့် အေအေတို့ အကြား တိုက်ပွဲများ အကြီးအကျယ် ဖြစ်ပွားခဲ့မှုကြောင့် ကျေးရွာသားများမှာ ယနေ့အချိန်ထိ ရွာကို စွန့်ခွာပြီး စစ်ဘေးရှောင် စခန်းတွင် နေထိုင်နေကြသည်။
https://www.facebook.com/narinjara.info/posts/4837971189548253