By Western News/ 2021 November 29

ရခိုင်ပြည်နယ် သံတွဲမြို့နယ်၊ ငပလီမြို့မှ ရန်ကုန်သို့ဆေးခန်းပြရန်သွားသည့် လူငယ်နှစ်ဦး ယနေ့ နိုဝင်ဘာ ၂၉ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း လှည်းကူးမြို့နယ်တွင် လုယက်သတ်ဖြတ်ခဲ့ရသည်ဟု မိသားစုဝင်များကပြောသည်။
အသတ်ခံရသူများမှာ သံတွဲမြို့နယ်၊ ငပလီမြို့မှ ကိုညီပုလေး အသက် ၂၅ နှစ်နှင့် မိတ္ထိလာမြို့မှ ၎င်း၏ သူငယ်ချင်းဖြစ်သူ ကိုပြုံးမောင်မောင် အသက် ၃၃ နှစ် တို့ဖြစ်ကြသည်။
ကိုညီပုလေးတွင် အသက်ရှုလမ်းကြောင်း သွေးကြောကျဉ်း ရောဂါရှိသောကြောင်း ရန်ကုန်သို့ ဆေးခန်းပြရန် နိုဝင်ဘာ ၂၈ ရက်နေ့က သွားခဲ့သည်ဟု ကိုညီပုလေး၏ မိသားစုဝင်တစ်ဦ်းကပြောသည်။
သူတို့နှစ်ဦးမှာ ဆေးခန်းပြ၍ နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းက ကျိုက်ထီးရိုးဘုရားဖူးသွားစဉ် ရန်ကုန်တိုင်း လှည်းကူးမြို့နယ်တွင် သေနတ်နှင့်ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ကိုညီပုလေး၏ ယောက်ဖဖြစ်သူ ဦးမင်းအောင်က Western News ကိုပြောသည်။
“သူတို့နှစ်ယောက်က သူငယ်ချင်းတွေ၊ မနေ့ကမှ ညီပုလေး မှာအသက်ရှုလမ်းကြောင်း သွေကြောကျဉ်း ရောဂါရှိတာကြောင်း ရန်ကုန်ကို သူငယ်ချင်းနှစ်ယောက်ဆေးခန်းပြဖို့ဆိုပြီးသွားကြတာ။ မနေ့က ရန်ကုန်မှာဆေးခန်းပြပြီးတော့ ဒီနေ့ နံနက်က ကျိုက်ထီးရိုး Taxi နဲ့ ဘုရားဖူးသွားတာ။ အဲ့ဒါမှာ ရန်ကုန်မြို့၊ လှည်းကူမြို့နယ်မှာအသတ်ခံရတာပါ။ တရားခံဖြစ်နိုင်ခြေကတော့ Taxi သမားပဲဖြစ်နိုင်ခြေရှိတယ်”ဟုပြောသည်။
လက်ရှိတွင် ၎င်းတို့နှစ်ဦးအား လှည်းကူမြို့နယ်ဆေးရုံးတွင်ရင်ခွဲ စစ်ဆေးချက်အရ ကိုညီပုလေး၏ ကိုယ်ထဲမှ ကျည်ဆံ နှစ်တောင့်ရပြီး ကိုပြုံးမောင်မောင်ကိုမူ စစ်ဆေးခြင်းမပြုလုပ်ရသေးဟု ၎င်းကဆက်ပြောသည်။
ကိုညီပုလေးနှင့် ကိုပြုံးမောင်မောင်တို့မှာ ငပလီမြို့တွင် စတိုးဆိုင်အတူတူ ပေါင်းပြီးဖွင့်ထားသည့် သူငယ်ချင်းများဖြစ်သည်ဟုသိရသည်။
၎င်းတို့၏ အလောင်းများအား ငပလီမြို့သို့သယ်ဆောင်လာရန် စီစဉ်နေကြသည်ဟု ကိုညီပုလေး၏ ယောက်ဖဖြစ်သူကပြောသည်။
https://www.facebook.com/westernnewsagency/posts/418755063264337