ရခိုင် ၁၇ မြို့နယ်ရှိ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်ဒေသများမှ ကျောင်းသားများအတွက် စက်ဘီးအစီး ၃၀၀ ထောက်ပံ့မှု ပြီးစီး

By Narinjara/ 2021 November 23

နောင်ခိုင်အောင်

ရခိုင်ပြည်နယ် ၁၇ မြို့နယ်အတွင်းရှိ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်ဒေသများမှ ခက်ခက်ခဲခဲကျောင်းတက်နေရသည့် ကျောင်းသား၊ ကျောင်းသူများအတွက် We Love Rakhine အဖွဲ့၏ စက်ဘီးအစီး ၃ဝဝ ထောက်ပံ့မှုသည် လက်ရှိတွင် ပြီးစီးသွားပြီဟု သိရသည်။

အဆိုပါ စက်ဘီးများကို နိုဝင်ဘာလ ၂၁ ရက်တွင် ထောက်ပံ့မှုအားလုံးပြီးစီးသွားပြီဟု We Love Rakhine အဖွဲ့ ဒုဥက္ကဋ္ဌ ဦးတင်ငြိမ်းဦးက ပြောသည်။

“ကျနော်တို့က တစ်မြို့နယ်ကို အစီး ၂၀ လောက်စီခွဲဝေပြီးတော့ ပြီးခဲ့တဲ့လကစပြီးတော့ မြောက်ဦးခရိုင်၊ စစ်တွေခရိုင်တို့ကိုလှူဒါန်းခဲ့ပါတယ်။ အခုကတော့ ကျောက်ဖြူခရိုင်၊ သံတွဲခရိုင်တို့ကိုသွားရောက် လှူဒါန်းခဲ့တာဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါစက်ဘီးများမှာ ဂျပန်နိုင်ငံထုတ်အမျိုးအစားဖြစ်ပြီး မြန်မာပြည်အခြေစိုက် NGO တစ်ခုဖြစ်သည့် Lesswalk အဖွဲ့က We Love Rakhine အဖွဲ့မှတဆင့် ထောက်ပံ့ပေးခြင်းဖြစ်သည်။

အဆိုပါစက်ဘီးများကို ကျောင်းနှင့် ၃ မိုင်ခန့်ဝေးသည့်ကျေးရွာများရှိ ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရလွယ်ကူစေရန် ကျောင်းသားတစ်ဦးလျှင် စက်ဘီးတစ်စီးနှုန်းဖြင့် အောက်တိုဘာ ၁၆ ရက်မှစတင်ကာ သွားရောက် ထောက်ပံ့ခဲ့ခြင်းဖြစ်သည်ဟု We Love Rakhine အဖွဲ့မှ သိရသည်။

လှူဒါန်းပေးရာတွင် ဒေသခံကျေးရွာများမှ တာဝန်ရှိသူများနှင့် ဆွေးနွေးတိုင်ပင်ကာ ပေးသင့်ပေးထိုက်သူများနှင့် စစ်ပွဲအတွင်း မိဘများမရှိတော့သည့် ကျောင်းသား၊ ကျောင်းသူများကို ဦးစားပေး၍ လှူဒါန်းခဲ့သည်ဟု ဦးတင်ငြိမ်းဦးက ဆိုသည်။

https://www.facebook.com/narinjara.info/posts/4908768262468545

Leave a Reply

Your email address will not be published.