ရခိုင်အခြေစိုက်သတင်းဌာနများကို ရှာဖွေခဲ့မှုတွင် ပြည်နယ်ကောင်စီ မပါဝင်ခဲ့ဟုဆို

By Western News/ 2021 November 24

ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ ရက်နေ့ ညနေပိုင်းအချိန်ခန့်၌ ရဲတပ်ဖွဲ့ဝင်များမှ ရခိုင်အခြေစိုက် သတင်းဌာနများတည်ရှိရာကို စစ်တွေမြို့ရှိ ရပ်ကွက်များတွင် စုံစမ်းမေးမြန်းမှုများရှိခဲ့သည်။

ထိုသို့ရဲတပ်ဖွဲ့များမှ ရှာဖွေစုံစမ်းလာမှုမှာ အဘယ်ကြောင့်ရှာဖွေသည်ကို သေချာမသိရှိသော်လည်း AA မှကျဆုံးခဲ့သည့် ဗိုလ်လောင်း ၈ ဦး၏ သတင်းအားရေးသားခဲ့၍ ဖြစ်သလို ရခိုင်ပြည်နယ်တွင် စစ်တပ်မှ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ ရေးသားခဲ့မှုတို့ကြောင့် လာရောက်စုံစမ်းခြင်းဖြစ်နိုင်သည်ဟု ယူဆကြောင်း Western News သတင်းဌာန၏ အယ်ဒီတာချုပ်ကပြောဆိုသည်။

ရခိုင်အခြေစိုက် Narinjara သတင်းဌာနကိုလည်း AA ဗိုလ်လောင်း ၈ ဦး၏ သတင်းကိုရေးသားဖော်ပြမှုကြောင့် နိုဝင်ဘာ ၉ ရက်နေ့ တွင်ပင် ၎င်းဌာနအား စုံစမ်းရှာဖွေမှုများရှိခဲ့သည်ဟုသိရသည်။

ယခုကဲ့သို့သတင်းဌာနများအား လာရောက်စုံစမ်းမှုပြုလုပ်ပုံမှာ သတင်းလွတ်လပ်ခွင့်ကိုပိတ်ပင်မှုဖြစ်ပြီး သတင်းသမားများအားလည်း ခြိမ်းခြောက်သည့်ပုံစံသက်ရောက်နေသည်ဟု DMG သတင်းဌာနမှ Operation Manager ကိုဇော်မှ ပြောသည်။

“ခုလိုမျိုး သတင်းဌာနတွေကို လာပြီးရှာတယ်၊ စုံစမ်းတယ်ဆိုတာက သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်တဲ့သဘောမျိုးဖြစ်သလို သတင်းသမားတွေကိုလည်းခြိမ်းခြောက်တဲ့ပုံစံမျိုးဖြစ်တယ်။ ကျနော်တို့ သတင်းဌာနကဆိုရင်လည်း အမှုဖွင့်ခံထားရပြီး တိမ်းရှောင်နေရတဲ့အနေထားမျိုးတွေရှိတယ်။ ခုလိုလုပ်တာက သတင်းမီဒီယာတွေကို ဖိအားပေးတဲ့ပုံစံမျိုးသက်ရောက်တယ်။ တကယ်အရေးယူမယ့်အပိုင်းရှိလာရင်လည်း ဥပဒေအတိုင်းပဲ သတင်းမီဒီယာကောင်စီကပဲတစ်ဆင့် ညှိနှိုင်းသွားသင့်တယ်” ဟုပြောသည်။

ထိုသို့လာရောက်စုံစမ်းမှုများရှိခြင်းနှင့်ပတ်သက်၍ ပြည်နယ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းအား Western News မှမေးမြန်းရာ ထိုသို့ရှာဖွေမှုတွင် ပြည်နယ်ကောင်စီပိုင်းမှ ပါဝင်ခြင်းမရှိဟုပြန်လည်ဖြေဆိုသည်။

“အဲလိုစုံစမ်းရှာဖွေတာတွေထဲမှာ ပြည်နယ်ကောင်စီဖက်က ပါဝင်တာမရှိဘူး။ နေရာတွေလိုက်စုံစမ်းတယ်ဆိုတာက သတင်းမီဒီယာ ကောင်စီက စာရင်းတွေဘာတွေကောက်ဖို့ရှိတာကြောင့် ဖြစ်မှာပါ” ဟုပြောသည်။

ရခိုင်အခြေစိုက်သတင်းဌာနများကို ရှာဖွေခဲ့မှုများမရှိသလို့ သတင်းဌာနများကိုလည်း တစုံတစ်ရာ အမှုဖွင့်ဆောင်ရွက်ထားခြင်းမရှိခဲ့ဟု စစ်တွေမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ရခိုင်တွင် သတင်းဌာနများဖြစ်ကြသည့် Western News သတင်းဌာန Development Media Group (DMG) သတင်းဌာနနှင့် နိရဉ္စရာသတင်းဌာနတို့ ရှိကြသည်။

https://www.facebook.com/westernnewsagency/posts/415654566907720

Leave a Reply

Your email address will not be published.