ရခိုင်ရာဇဝင်သစ်ကျမ်းရေးသားပြုစုသည့် အရှင်စန္ဒမာလာလင်္ကာရ ထေရုပ္ပတ္တိဆိုင်ရာ ဉာဏ်စမ်းပြိုင်ပွဲနှင့်စာစီစာကုံးပြိုင်ပွဲကျင်းပမည်

By Narinjara/ 2021 November 24

အေးမြတ်ခိုင်

ရခိုင်ရာဇဝင်သစ်ကျမ်းကို ရေးသားပြုစုခဲ့သည့် ရမ်းဗြဲတောင်ကျောင်း ဆရာတော် အရှင်စန္ဒမာလာလင်္ကာရ ထေရုပ္ပတ္တိဆိုင်ရာ ဉာဏ်စမ်းပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများကို ရမ်းဗြဲမြို့တွင် ကျင်းပသွားမည်ဟု ရမ်းဗြဲ လူငယ်ကွန်ရက်ဥက္ကဋ္ဌ မစုမြတ်ထွေးက နိရဥ္စရာကိုပြောသည်။

“ရခိုင်မှာဆို ကျေးဇူးရှိတဲ့ ဆရာတော်တွေရှိကြတယ်။ ဆရာတော် ဦးဥတ္တမကိုဆိုလည်း ဂုဏ်ပြုပွဲတွေလုပ်ကြတယ်။ ဆရာတော်ကြီး စန္ဒမာလာလင်္ကာရဟာဆိုလည်း ရခိုင်တွေရဲ့ သမိုင်း၊ ရာဇဝင်တွေကို ရေးသားခဲ့တဲ့ ကျေးဇူးရှိတဲ့ဆရာတော်တစ်ပါးဖြစ်တဲ့အတွက်ကြောင့် ဆရာတော်ကြီးဂုဏ်ကိုလည်း သိကြဖို့လိုအပ်တယ်။ ကျွန်မတို့ကတော့ ဆရာတော်ပျံလွန်တဲ့ တန်ဆောင်မုန်းလကွယ်နေ့ကို အရှင်စန္ဒမာလာလင်္ကာရနေ့အဖြစ် သတ်မှတ်စေချင်ပါတယ်”ဟု ပြောသည်။

ယခုပြိုင်ပွဲကို ရမ်းဗြဲလူငယ်ကွန်ရက်မှ ဦးဆောင်ကြီးမှူးပြီး ဒုတိယ အကြိမ်မြောက်ကျင်းပခြင်း ဖြစ်သည်။ ပြိုင်ပွဲတွင် အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်နှင့် တက္ကသိုလ်အဆင့်ဟူ၍ ၃ ဆင့် ခွဲကာ ကျင်းပသွားမည်ဟု သိရသည်။ ဆုများကို ပထမဆု တစ်သိန်း၊ ဒုတိယဆု ခုနစ်သောင်းနှင့် တတိယဆုအဖြစ် ဆုငွေ ငါးသောင်းသတ်မှတ်ထားကြောင်း သိရသည်။

ဝင်ရောက်ယှဉ်ပြိုင်ရန် နာမည်စာရင်းပေးထားသည့် ရမ်းဗြဲမြို့မှ တက္ကသိုလ် ကျောင်းသူ မေထက်ထက်ထွန်းက “ဆရာတော်ရဲ့သမိုင်းကြောင်းတွေကို အရင်နှစ်ကလည်းပြိုင်ဖူးပါတယ်။ ကိုယ်တို့ရခိုင်မှာဖြစ်ခဲ့တဲ့အကြောင်းတွေကို ဆရာတော်က သမိုင်းပြန်ရေးခဲ့တယ်ဆိုပြီး ဂုဏ်ယူ စိတ်ဝင်တစား ဝင်ပြိုင်ရခြင်းဖြစ်ပါတယ်။ ဆရာတော်ရဲ့အကြောင်းတွေ၊ ဆရာတော်ရေးတဲ့ ကျမ်းစာတွေကိုလေ့လာခွင့်အများကြီးရခဲ့တဲ့အတွက် ရခိုင်ပြည်သူတစ်ယောက်အနေနဲ့ အရမ်းဂုဏ်ယူဝမ်းမြောက်မိပါတယ်”ဟု ပြောသည်။

ပြိုင်ပွဲကို နိုဝင်ဘာလ ၂၈ ရက်နေ့ ရမ်းဗြဲမြို့၊ ရမ္မာဝတီအောင် ဓမ္မဗိမာန်တော်တွင် ဖြေဆိုရမည်ဖြစ်ပြီး ဆရာတော်ပျံလွန်သည့် တန်ဆောင်မုန်းလကွယ်နေ့ (ဒီဇင်ဘာ ၃ ရက်နေ့)တွင် ဆုချီးမြင့်ပွဲ အခမ်းအနားကျင်းပမည်ဟု သိရသည်။

အရှင်စန္ဒမာလာလင်္ကာရသည် ရခိုင်ရာဇဝင်သစ်ကျမ်းကိုပြုစုခဲ့သည့် ဆရာတော်ကြီးဖြစ်ပြီး ၁၉၃၁ ခုနှစ်တွင် ပျံလွန်တော်မူခဲ့သည်။ လာမည့် တန်ဆောင်မုန်းလကွယ်နေ့ဆိုလျှင် ဆရာတော်ပျံလွန်တော်မူသည်မှာ နှစ်ပေါင်း (၉၀)ပြည့်ပြီဖြစ်သည်။

https://www.facebook.com/narinjara.info/posts/4910892455589459

Leave a Reply

Your email address will not be published.