By Western News/ 2021 November 29

ရခိုင်ပြည်နယ်တွင် အစိုးရနှင့် မြန်မာစစ်တပ်က လူ့အခွင့်ရေးချိုးဖောက်မှုကြောင့် ဆန္ဒထုတ်ဖော်၍ ဖမ်းဆီးထောင်ချခံခဲ့ရသည့် ရခိုင်မှ ကျောင်းသား ၄ ဦးအမှု၏ အယူခံတင်လွှာအား ရခိုင်ပြည်နယ်တရားလွှတ်တော်၌ ဒီဇင်ဘာ ၇ ရက်နေ့တွင် အပြီးသတ်လျှောက်လဲသွားမည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေကပြောသည်။
ထောင်ဒဏ်ကျခံနေရသည့် အဆိုပါကျောင်းသား ၄ ဦးမှာ အမှုကို ၁ နှစ်နီးပါးကြာ ရင်ဆိုင်ခဲ့ရပြီးနောက် စက်တင်ဘာလ ၁၆ ရက်နေ့ စွဲချက်အမိန့်ချမည့်ရုံးချိန်းတွင် အပြစ်ရှိကြောင်းဝန်ခံခဲ့ကြ၍ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ (၅၀၅) (ခ) ကို ထောင်ဒဏ် (၂) နှစ်နှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၉ ကို ထောင်ဒဏ် ၆ လ စီဖြင့် အပြီးသတ်အမိန့်ချမှတ်လိုက် ခြင်းဖြစ်သည်။
ကျောင်သား ၄ ဦး၏ အမှုအတွက် ရခိုင်ပြည်နယ်တရားလွှတ်တော်တွင် တင်ထားသည့် အယူခံလွှာအတွက် ဒီဇင်ဘာ ၇ ရက်နေ့တွင် အပြီးသတ်လျှောက်ချက်ပေးရမည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က Western News ကိုပြောသည်။
“ကျောင်းသားတွေရဲ့ အယူခံတင်လွှာကို ဒီဇင်ဘာ ၇ ရက်နေ့မှာ ရခိုင်ပြည်နယ် တရားလွှတ်တော်မှာ အပြီးသတ်လျှောက်လဲချက်ပေးကြရမှာပါ”ဟုပြောသည်။
ကျောင်းသား ၄ ဦးအား ထောင်ဒဏ်ချမှတ်ပြီးနောက် စစ်တွေခရိုင်တရားရုံးတွင် အယူခံလွှာတင်သွင်းခဲ့သောလည်း စက်တင်ဘာလ ၂၃ ရက်နေ့က ပယ်ချခဲ့သဖြင့် ကျောင်းသားများ၏ဆန္ဒအရ ရခိုင်ပြည်နယ်တရားလွှတ်တော်သို့ ပြင်ဆင်မှု ဆက်လက်တင်ခဲ့ခြင်းဖြစ်သည်။
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၁၂ တွင် ဝန်ခံထားသောသူသည် အောက်ရုံးမှ ပြစ်ဒဏ်ချမှတ်လျှင် အယူခံဝင်ခွင့် မရှိသော်လည်း ဥပဒေကြောင်းအရ မှားယွင်းလျှင် အယူခံဝင်ခွင့်ရှိပြီး ချမှတ်သည့်ပြစ်ဒဏ်မှာ များလွန်းလျှင်လည်း ပြစ်ဒဏ်အား လျော့ပေါ့ပေးရန် အယူခံဝင်ခွင့်ရှိသည်ဟု ပါရှိသည်။
ယင်းအပြင် ၁၉၇၃ ခုနှစ် စကားရပ်များအနက်အဓိပ္ပာယ်ဖွင့်ဆိုရေးဥပဒေပုဒ်မ ၂၂ တွင် ပြုလုပ်မှု(သို့) ပျက်ကွက်မှု တစ်ခုသည် ဥပဒေနှစ်ရပ်(သို့) နှစ်ရပ်ထက်ပိုသော ဥပဒေများအရ ပြစ်မှုမြောက်လျှင် ပြစ်မှုကျူးလွန်သူအား ယင်းဥပဒေ များအနက် ဥပဒေတစ်ရပ်ရပ်ဖြင့်သာ တရားစွဲဆိုအပြစ်ပေးရမည် ဖြစ်ပြီး ပြစ်မှုတစ်ရပ် တည်းအတွက် ပြစ်ဒဏ်တစ်ကြိမ်ထက်ပို၍ မကျခံစေရ ဟု ပြဌာန်းထားသည်။
ထောင်ချခံထားရသည့်တက္ကသိုလ်ကျောင်းသား ၄ ဦးမှာ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေး၊ တွဲဖက်ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ ကျောက်ဖြူပညာရေးကောလိပ်မှ ကိုမြတ်စိုးဝင်းနှင့် ရက္ခိုင်ပြည်ကျောင်းသားများသမဂ္ဂ(ဒဂုံတက္ကသိုလ်) မှ ကိုကောင်းထွန်းတို့ဖြစ်သည်။
အဆိုပါကျောင်းသား ၄ ဦးမှာ ပြီးခဲ့သည့် ၂၀၂၀-ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့က စစ်တွေမြို့ပေါ်၌ ကိုလိုနီအစိုးရ အလိုမရှိ၊ No Bloody Government၊ No Murder Army၊ ဖက်ဆစ်စစ်တပ်အလိုမရှိ၊ Burmese Government Get Out၊ Burmese Army Get Out စသည့်ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
ဆန္ဒပြမှုကြောင့် စစ်တွေမြို့နယ်ရဲစခန်းမှ ရဲမှူးဦးဇော်နိုင်က တရားလိုပြုလုပ်ကာ ကျောင်းသား ၄ ဦးအား နိုင်ငံတော်အကြည်ညို ပျက်စေမှုပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုခဲ့သလို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဇံဝေမှလည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုပုဒ်မ ၂၉ စသည့် ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/418631109943399