ရခိုင်မှထွက်ခွာမည့် လေကြောင်းခရီးသည်များ နိုဝင်ဘာ ၁၃ ရက်မှစ၍ ကိုဗစ်ပိုးစစ်ပြီးမှ ထွက်ခွာခွင့်ရရှိမည်

By Narinjara/ 2021 November 12

အေးမြတ်ခိုင်

ရခိုင်မှထွက်ခွာမည့် လေကြောင်းခရီးသည်များအနေဖြင့် နိုဝင်ဘာ ၁၃ ရက်နေ့မှစ၍ ကိုဗစ်ပိုးစစ်ဆေးပြီးမှသာ ထွက်ခွာခွင့်ရရှိတော့မည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းလေကြောင်းခရီးသည်များ သွားလာရေးအဆင်ပြေချောမွေ့စေရေးအတွက် ခရီးစဉ်မတိုင်မီ ၄၈ နာရီအတွင်း RDT ဖြင့် ကိုဗစ်ရောဂါမရှိကြောင်း ဓာတ်ခွဲစမ်းသပ်ချက်ကို Check-in ဝင်သည့်အချိန်တွင် တင်ပြနိုင်မှ သွားလာခွင့်ရရှိမည်ဟု ကျန်းမာရေးဝန်ကြီးဌာနက အကြောင်းကြားထားကြောင်း ရန်ကုန်ရှိ ရွှေလူငယ်လေယာဉ်လက်မှတ်အရောင်းဌာနမှ ဝန်ထမ်းတစ်ဦးက နိရဥ္စရာသို့ပြောသည်။

“ကျောက်ဖြူနဲ့ စစ်တွေကတော့ နိုဝင်ဘာ ၁၄ ရက်နေ့ကနေစပြီး စစ်ရပါမယ်။ သံတွဲကတော့ ဒီနေ့စစစ်ရပါတယ်”ဟု ပြောသည်။

လေကြောင်းခရီးသည်များအနေဖြင့် ကိုဗစ်စစ်ဆေးခြင်းကို ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ကျန်းမာရေးဌာနများတွင်ဆိုလျှင် အခမဲ့စစ်ဆေးနိုင်ပြီး ရောဂါရှာဖွေရေးလုပ်ငန်းလုပ်ကိုင်ခွင့်ပြုထားသော ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်း၊ ဓာတ်ခွဲခန်းများတွင်လည်း သတ်မှတ်နှုန်းထားပေး၍ စစ်ဆေးနိုင်သည်ဟု သိရသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က “စစ်ဆေးဖို့လုပ်နေပါတယ်။ တခြားမြို့တွေလည်း အစိုးရအဖွဲ့ကိုတင်ပြပြီး သူတို့စီစဉ်ပေးတဲ့နေရတွေမှာစစ်ရမယ်။ ဒီတလောအတွင်းမှာ စစ်ပါမယ်”ဟု ပြောသည်။

လေကြောင်းခရီးသည်များအနေဖြင့် စစ်တွေမြို့တွင် စစ်တွေကောလိပ်ကျောင်းဟောင်း၊ သံတွဲမြို့တွင် မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ ကျောက်ဖြူမြို့တွင် ခရိုင်ကျန်းမာရေးဝင်းနှင့် အမ်းမြို့တွင် ပြည်သူ့ကျန်းမာရေးဌာနတို့တွင် စစ်ဆေးနိုင်သည်ဟု သိရသည်။

ရန်ကုန်မှ ရခိုင်သို့လာမည့်လေကြောင်းခရီးသည်များကိုမူ အောက်တိုဘာလ ၂၁ ရက်မှစတင်ကာ ကိုဗစ်စစ်ပြီး ထွက်ခွာခွင့်ပြုခဲ့သည်။

စစ်တွေတွင် ပြီးခဲ့သည့်သြဂုတ်လ ၃၁ ရက်က ကိုဗစ်-19 မျိုးရိုးဗီဇပြောင်း Delta မျိုးစိတ်ပိုးရှိသူ ၁ ဦးတွေ့ပြီးနောက် လေကြောင်းခရီးသည်များကို ကိုဗစ်ပိုးရှိ/မရှိ ပြီးခဲ့သည့် စက်တင်ဘာလအစောပိုင်းက လေဆိပ်အတွင်း ရှောင်တခင် စစ်ဆေးခဲ့သေးသည်။

https://www.facebook.com/narinjara.info/posts/4872331129445592

Leave a Reply

Your email address will not be published.