ရခိုင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးက အခြေခံပညာကျောင်းတွေ ပြန်ဖွင့်

By RFA/ 2021 November 1

■ ရခိုင်ပြည်နယ်မှာ ကိုဗစ် – ၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု ကျဆင်းလာတာကြောင့် နိုဝင်ဘာလ ၁ ရက် ဒီနေ့ကစပြီး အခြေခံပညာစာသင်ကျောင်းတွေ စတင်ဖွင့်လှစ်နေပါတယ်။

စစ်တွေ၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ မြေပုံစတဲ့မြို့နယ်တွေ အပါအဝင် မြို့နယ် ၁၆ မြို့နယ်မှာ စတင်ဖွင့်လှစ်နေတာဖြစ်ပြီး ကိုဗစ်ကူးစက်ခံရမှုတွေရှိနေသေးတဲ့ ဂွမြို့နယ်မှာတော့ မဖွင့်လှစ်နိုင်သေးပါဘူး။

ရခိုင်ပြည်နယ်မှာ ၂၀၂၁ – ၂၀၂၂ ခုနှစ်နှစ် ပညာသင်နှစ်အတွက် ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့မှာ စာသင်ကျောင်းတွေ စတင်ဖွင့်လှစ်ခဲ့ပေမယ့် ကိုဗစ် – ၁၉ တတိယလှိုင်းကြောင့် ဇူလိုင်လမှာပဲ ပြန်ပိတ်ထားခဲ့ရတာပါ။

ရခိုင်ပြည်နယ်ပညာရေးမှူးရုံးရဲ့ စာရင်းတွေအရ ဇွန်လ ကျောင်းတွေပြန်ဖွင့်ခဲ့ချိန်မှာ ရခိုင်ပြည်နယ်ထဲက စာသင်ကျောင်းပေါင်း ၃၃၀၀ ကျော်မှာ ကျောင်းသားကျောင်းသူ ၄၄၀၀၀၀ ကျော် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

တစ်နိုင်ငံလုံးက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေနဲ့ ပုဂ္ဂလိကကျောင်းတွေ အပါအဝင် အခြေခံပညာ ဦးစီးဋ္ဌာန လက်အောက်မှာရှိတဲ့ အခြေခံပညာစာသင်ကျောင်းအားလုံးကို နိုဝင်ဘာ ၁ ရက်နေ့မှာ ပြန်လည် ဖွင့်လှစ်ဖို့ စစ်ကောင်စီက ကြေညာထားတာပါ။

ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ပြန့်ပွားမှု အခြေအနေတွေအရ ကချင်ပြည်နယ်က ပူတာအို အပါအဝင် ခြောက်မြို့နယ်၊ ကယားပြည်နယ်က ဖားဆောင်း အပါအဝင် သုံးမြို့နယ်၊ ကရင်ပြည်နယ်က နှစ်မြို့နယ်၊ ချင်းပြည်နယ်က နှစ်မြို့နယ်၊ စစ်ကိုင်းတိုင်းက လေရှီးမြို့နယ်၊ မကွေးတိုင်းက ဆောအပါအဝင် လေးမြို့နယ်၊ မန္တလေးတိုင်း မိတ္ထီလာမြို့နယ်၊ ရခိုင်ပြည်နယ် ဂွမြို့နယ်နဲ့ ရှမ်းပြည်နယ်က လားရှိုးအပါအဝင် ၂၆ မြို့နယ် စုစုပေါင်းမြို့နယ် ၄၆ ခုမှာတော့ ကျောင်းတွေ ယာယီဆက်ပိတ်ထားဦးမယ်လို့ ဆိုပါတယ်။

https://www.facebook.com/rfaburmese/posts/10161451253393128

Leave a Reply

Your email address will not be published.