ရခိုင်ပြည်နယ်မှ ကျောင်းသား ၁ သိန်း ၅ သောင်းကျော် ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီး

By Western News/ 2021 October 3

ရခိုင်ပြည်နယ်တွင် ကျောင်းသား ၁သိန်း ၅ သောင်းကျော်အား ကိုဗစ်ကာကွယ်ဆေးထိုးနှံထားပြီးဖြစ်သည်ဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရသည်။

လက်ရှိတွင် ကိုဗစ်ကာကွယ်ဆေး ထိုးပေးမည့်ကျောင်းသား ၁ သိန်း ၉ သောင်းကျော်မှ ၇၉ ရာခိုင်နှုန်းကျော် စုစုပေါင်း ကျောင်သားဦးရေ ၁၅၅၂၈၉ သောင်းကျော်ကို ထိုးနှံထားပြီးပြီဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာ စိုးဝင်းပိုင်က Western News ကို ယနေ့ နိုဝင်ဘာ ၃ ရက်နေ့က ပြောသည်။

“နိုဝင်ဘာ ၁ ရက်နေ့အထိတော့ ကျောင်းသား ၇၉% ကျော်ထိုးပေးထားပြီဖြစ်တယ်။ ကျောင်းသားက အစိုးရကျောင်းရော့ ကိုယ်ပိုင်ကျောင်းရော့ ဘုန်းတော်ကြီးသင်ကျော်ရော့ ကျွန်တော်တို့ထိုးပေးမယ့်စာရင်းက ၁၉၅၈၉၃ ဦးကနေ အခုထိုးနှံပြီးသားက ၁၅၅၂၈၉ ဦးထိုးနှံပြီးဖြစ်တယ်” ဟုပြောသည်။

ကိုဗစ်ကာကွယ်ဆေးထိုးနှံသည့် ကျောင်းသားများတွင် ရခိုင်ကျောင်းသားများနှင့် မွတ်ဆလင် ကျောင်းသားများလည်း ပါဝင်သည်ဟု ရခိုင်ပြည်နယ်ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးဒေါက်တာထွန်းထွန်းသိန်းက Western News ကိုပြောသည်။

“လက်ရှိက ကျောင်းသား ၈၀ ရာခိုင်နှုန်းလောက်တော့ ထိုးထားပြီးဖြစ်တယ်။ ကျောင်းသားအများစု ဆေးထိုးကြပါတယ်။ လက်တလော ခရီးလွန်နေတဲ့ကျောင်းသားလောက်ပဲ မထိုးသေးတာပါ။ ရာနှုန်းပြည့်တော့ ထိုးဖြစ်မှာပါ။ ဆေးထိုးတဲ့ကျောင်းသားတွေမှာ ရခိုင်တွေရော့ မွတ်ဆလင်ကျောင်းသားတွေရော့ အားလုံးပါတယ်” ဟုပြောသည်။

ရခိုင်ပြည်နယ်မှ မြို့နယ် ၁၆ ခုတွင်စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်ထားပြီးဖြစ်သော်လည်း ဂွမြို့နယ်မှစာသင်ကျောင်းများအား ဆက်လက်ပိတ်ထားမည်ဟု မြန်မာနိုင်ငံ ကိုဗစ်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်မှ အသက် ၁၂ နှစ်အထက်ကျောင်းသားများအား အောက်တိုဘာ ၁၇ ရက်နေ့မှစပြီး တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်ဆေးစတင်ထိုးပေးနေခြင်းဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/402234524916391

Leave a Reply

Your email address will not be published.