ရခိုင်နှင့် ပလက်ဝမှ နေရပ်ပြန် စစ်ဘေးရှောင်များ မိုင်းအန္တရာယ်ကြောင့် အလုပ်မလုပ်နိုင်၍ စားဝတ်နေရေးအခက်အခဲဖြစ်နေ

By Narinjara/ 2021 November 16

ချစ်အိလှိုင်

တော၊ တောင်များကိုမှီခိုလုပ်ကိုင်စားသောက်ရသည့် ရခိုင်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှ နေရပ်ပြန်သွားခဲ့သည့် စစ်ဘေးရှောင်များတွင် မိုင်းအန္တရာယ်စိုးရိမ်နေကြရသဖြင့် အလုပ်အကိုင်မရှိ၍ စားဝတ်နေရေးအခက်အခဲဖြစ်နေကြကြောင်း သိရသည်။

စစ်ဘေးရှောင်များသည် မိမိတို့၏ရပ်ရွာများတွင် ယခင်ကကဲ့သို့ အလုပ်အကိုင်နှင့် စားဝတ်နေရေးအဆင်ပြေမည်ဟုထင်မှတ်ကာ နေရပ်ပြန်သွားခဲ့သော်လည်း လက်တွေ့တွင် အဆင်မပြေမှုများနှင့် ကြုံတွေ့နေရသည်ဟု အမ်းမြို့နယ် ဒါးလက်အုပ်စု၊ နတ်မော်ကျေးရွာမှ မနီနီဝင်းရွှေက ပြောသည်။

“ပိုပြီးအဆင်ပြေမယ်ထင်လို့ လာခဲ့တာပါ။ အရင်လိုတော့ အဆင်မပြေဘူး။ ဘာမှ လုပ်စားစရာမရှိတဲ့လူတွေမှာ ဒီကိုပြန်ရောက်ရင် အဆင်မပြေဘူးပေါ့။ ချောင်းမှာငါးရှာတာတောင် အရင်က တစ်ယောက်နှစ်ယောက်ဆိုရင် အခုလူသုံးဆယ်ရှိရင် သုံးဆယ်လုံး ငါးရှာနေကြရတယ်။ အလုပ်မရှိရင်တော့ ကယ်ဆယ်ရေးမှာ နေတာတောင် ကောင်းသေးတယ်လို့မြင်တယ်” ဟုပြောသည်။

ယင်းအပြင် အမ်းမြို့နယ်မှ စစ်ဘေးရှောင်အများစုမှာ ဝါးခုတ်သည့်အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသူများဖြစ်ရာ မိုင်းအန္တရာယ်ကို စိုးရိမ်သည့်အတွက်လည်း တော၊ တောင်များသို့ မသွားရဲ၊ မလာရဲဖြစ်ကာ အလုပ်လက်မဲ့ဖြစ်နေကြရကြောင်း သိရသည်။

ဒါးလက်အုပ်စုအုပ်ချုပ်ရေးမှူးဦးရွှေသိန်းက “အလုပ်ကတော့ ကျွန်တော်တို့ဒေသမှာ ယာ၊ ကိုင်းဆိုလည်း အချိန်နှောင်းသွားပြီ။ တောင်ယာဆိုလည်း နှောင်းသွားပြီ။ လယ်ဆိုလည်း နှောင်းသွားပြီ။ အခုတော့ ကြုံရာကျပန်းလုပ်ကိုင်စားသောက်နေကြရတယ်။ ဗုံးမရှိမဲ့နေရာတွေမှာ လုပ်ကိုင်စားသောက်နေကြရတယ်” ဟုပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက်နေ့ကလည်း အမ်းမြို့နယ်မှ စစ်ဘေးရှောင် ၆၉၁ ဦးကို ပြည်နယ်ကောင်စီက အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၅ သိန်းနှင့် လူကယ်ပြန်က ငွေကျပ် ၁ သိန်း၊ စုစုပေါင်း ကျပ် ၆ သိန်းနှင့် နေအိမ်အသုံးအဆောင်များပေး၍ နေရပ်ပြန်ပို့ခဲ့သည်။

ရခိုင်ပြည်နယ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ပြည်နယ် ဥပဒေချုပ်ဦးလှသိန်းက မိုင်းရှင်းလင်းပြီးသည့် နေရာများမှ စစ်ဘေးရှောင်များကိုသာ နေရပ်ပြန်ခွင့်ပြုနေခြင်းဖြစ်ကြောင်း နိရဥ္စရာအားပြောဆိုထားသည်။

ရခိုင်တွင် ရက္ခိုင့်တပ်တော် (AA)နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂ဝ၁၈ ခုနှစ်မှစ၍ စစ်ဘေးရှောင် ၂ သိန်းကျော်အထိရှိခဲ့ပြီး လက်ရှိတွင် ၈ သောင်းခန့်ကျန်ရှိနေသေးကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံ(REC)၏ စာရင်းများအရ သိရသည်။

အလားတူ ချင်းပြည်နယ်အတွင်းတွင် တမန်းသား၊ အန်ခိုဝ၊ ဆီးဖလောင်း၊ စိမ်းစင်း၊ ငပွီ၊ တန်းဆိပ်၊ အောက်သဲမဝ၊ ဘောင်ဝ၊ မီးလက်ဝအောက်ရွာတို့မှ စစ်ဘေးရှောင် ၅ ထောင်ခန့်ရှိသည်ဟု သိရသည်။

ယင်းအနက် စစ်ဘေးရှောင် ၁,ဝဝဝ ကျော်မှာ အစိုးရက နိုဝင်ဘာလ ၁ ရက်နေ့ နောက်ဆုံးထား၍ ပြန်သွားရန်ညွှန်ကြားချက်ကြောင့် ပြန်ခဲ့ကြသည်ဟု ပလက်ဝမြို့ ဝိသုဒ္ဓါရုံစစ်ဘေးရှောင်စခန်းတာဝန်ခံ ကိုတင်ဦးက ပြောသည်။

“သူတို့က သွားလို့လာလို့ ရပြီလို့ပြောတယ်။ တကယ်လို့ ထိသွားရင် သူတို့က တာဝန်ယူမှာမဟုတ်ဘူး။ တစ်နှစ်ကြာပြီဆိုတော့ ထောင်ထားတဲ့မိုင်းဟာ ဘယ်လိုအခြေအနေရှိလဲကျွန်တော်တို့မသိဘူး” ဟု ပြောသည်။

ပလက်ဝမြို့နယ်အတွင်း နေရပ်ပြန်သွားသည့်အိမ်ထောင်စုတစ်စုလျှင် အစိုးရက နေအိမ်ပြုပြင်ရန် ငွေကျပ် ၃ သိန်းထောက်ပံ့ခဲ့သည်ဟုလည်း နေရပ်ပြန်စစ်ဘေးရှောင်များက ပြောသည်။

ရခိုင်ပြည်နယ်နှင့် ပလက်ဝမြို့နယ်တို့မှ နေရပ်ပြန်သူများမှာ မိမိတို့သဘောထားဖြင့် နေရပ်ပြန်သူများရှိသလို အစိုးရ၏ထောက်ပံ့ငွေရယူ၍ ပြန်သွားကြသူများလည်း ပါဝင်သည်ဟု သိရသည်။

https://www.facebook.com/narinjara.info/posts/4885326401479398

Leave a Reply

Your email address will not be published.