By Western News/ 2021 November 13
ရခိုင်ပြည်နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် ဆက်စပ်နေသည်ဟုဆိုကာ ဖမ်းဆီးခံထားရသူ အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၃ ဦး စုစုပေါင်း ၆ ဦးအထိရှိလာနေသည်။
ဖမ်းဆီးခံရသည့် အမျိုးသမီး ၃ ဦးမှာ သံတွဲမြို့ခံ ဆယ်တန်းကျောင်းသူ မသိမ့်အေးချမ်း အသက် ၁၇ နှစ်၊ မတင်စန္ဒာဝင်း အသက် ၂၅ နှစ်၊ ဒေါ်ငြိမ်းအေးသူကျော် အသက် ၃၅ နှစ် တို့ဖြစ်ပြီး ၎င်းတို့ထဲမှ မတင်စန္ဒာဝင်းနှင့် ဒေါ်ငြိမ်းအေးသူကျော်တို့ ၂ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(စ)ဖြင့် သံတွဲမြို့နယ်ရဲမှူးက တရားလိုလုပ်ကာ တရားစွဲဆိုထားသည်။
ဒေါ်ငြိမ်းအေးသူကျော်၏ မိသားစုဝင်တစ်ဦးက “ ကျွန်မအဒေါ်က ရိုးသားရိုးသားနဲ့မိသားစုကို လုပ်ကျွေးနေတာ။ PDF ဆိုတာကိုလည်းမသိဘူး။ သူ့က ကလေးမွေးထားတာ သိပ်မကြာသေးဘူး။ အခုလိုဖမ်းဆီးပြီး မတရား လုပ်တာကိုတော့ လုံးဝမကျေနပ်ဘူး။ သူတို့ကိုအမြန်ဆုံးပြန်လွတ်ပေးစေချင်တယ်”ဟုဆိုသည်။
ဒေါ်ငြိမ်းအေးသူကျော် အသက် ၃၅ မှာ သံတွဲပြည်သူ့ဆေးရုံ၌ ဝမ်းခွဲ၍ ကလေးမွေးထားပြီးသုံးလ လခန့်သာကြာရှိသေးကာ ကျန်းမားရေးလည်းမကောင်းကြောင်းမိသားစုဝင်များကပြောသည်။
အဆိုပါအမျိုးသမီး ၃ ဦးကို နိုဝင်ဘာ ၃ ရက်နေ့တွင် ညနေပိုင်းအချိန်ခန့်တွင် သံတွဲမြို့ရှိ ရဲတပ်ဖွဲ့က နေအိမ်အတွင်းသို့ဝင်ရောက် လာကာ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မိသားစုဝင်များကပြောသည်။
ယင်းအပြင် အမျိုးသား ၃ ဦးမှာ သံတွဲမြို့ခံ ကိုစိန်ချစ်၊ ကိုရဲနိုင်ဦးနှင့် မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ လူငယ် စာရေးဆရာ မင်းဒီပါ(ခ)ကိုအောင်နိုင်မြင့်တို့ဖြစ်သည်။ ကိုစိန်ချစ်ကိုနှင့် ကိုရဲနိုင်ဦးတို့ကို အကြမ်းဖက်မှုတိုက် ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)၊ ၅၂(က)တို့ဖြင့်တရားစွဲဆိုထားပြီး ကိုအောင်နိုင်မြင့်ကိုတော့ ၅၂(ည)ဖြင့် တရားစွဲ ဆိုထားသည်။
အမည်မဖော်လိုသည့် မိသားစုဝင်တစ်ဦးက“ PDFနဲ့ ဆက်စပ်တယ်ဆိုပြီးတော့ လူတွေကိုမတရားဖမ်းတယ်။ ပြီးတော့ မိသားစုဝင်တွေကို မီဒီယာတွေကို မပြောဖို့ ရဲကလာလို့တားမြစ်တာတွေရှိတယ်။ ကျွန်တော်တို့မှာ အားကိုးမယ့်သူလည်း မရှိဘူးဖြစ်နေတယ်။ ”ဟု ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့တွင် ကိုစိန်ချစ်ကိုလည်းကောင်းအောက်တိုဘာလ ၁၅ ရက်နေ့တွင် ကိုအောင်နိုင်မြင့်ကို လည်းကောင်း၊ အောက်တိုဘာလ ၂၃ ရက်နေ့တွင် ကိုရဲနိုင်ဦးတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးသွားခြင်း ဖြစ်သည်။ ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့ ၂ ဦးကို ငပလီတပ်ရင်းမှ ဗိုလ်ကြီးနေဇော်ထက်က တရားလိုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/408498140956696