ရခိုင်တွင် ၄ ရက်အတွင်း တရုတ်နှင့် ထိုင်းမှပြန်လာသူ ၂၈ ဦးအထိရှိ

By Narinjara/ 2021 November 12

သဉ္ဇာနွယ်

တရုတ်နှင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ပြီး ရခိုင်ပြည်နယ်သို့ ၄ ရက်အတွင်း ပြန်ဝင်လာသူ ၂၈ ဦးအထိ ရှိခဲ့သည်ဟု သိရသည်။

၄င်းတို့သည် နိုဝင်ဘာ ၉ ရက်မှ ယနေ့ နိုဝင်ဘာ ၁၂ ရက်အထိ ပြန်လည်ဝင်ရောက်လာသူများဖြစ်သည်။

ယမန်နေ့ နိုဝင်ဘာ ၁၁ ရက်တွင် တရုတ်နယ်စပ် မူဆယ်မြို့မှတစ်ဆင့် ပြန်ဝင်လာသူ ရခိုင်လူမျိုး ၁၄ ဦးရှိပြီး ယင်းအထဲတွင် အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ဖြစ်ကြောင်း အမ်းမြို့နယ် ပဲပဒုံ ပူးပေါင်း စစ်ဆေးရေးဂိတ်မှ သိရသည်။

ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ယခုလိုအနယ်နယ်အရပ်ရပ်မှပြန်လာသူများကို စစ်ဆေးခြင်းပြုလုပ်နေသည်ဟု အမ်းမြို့ အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းချိုက နိရဥ္စရာသို့ပြောသည်။

“ကိုဗစ်အခြေနေကြောင့် စစ်ဆေးမှုတွေပြုလုပ်နေတာတော့ရှိပါတယ်။ နယ်ပေါင်းစုံကလာတဲ့သူတွေကို သက်ဆိုင်ရာတွေက စစ်ပေးပြီးပြန်လွှတ်တာမျိုးရှိတယ်”ဟုပြောသည်။

နိုဝင်ဘာ ၉ ရက်နေ့ကလည်း ထိုင်းနိုင်ငံနယ်စပ် မြဝတီမှတဆင့် ပြန်လာသူ ရခိုင်လူမျိုး ၁၄ ဦးရှိပြီး ယင်းအထဲတွင် အမျိုးသား (၄)ဦး၊ အမျိုးသမီး (၁၀)ဦးတို့ဖြစ်သည်ဟု သိရသည်။

နယ်စပ်များမှ ပြန်ဝင်လာကြသူများကို အမ်းမြို့နယ် ပဲပဒုံ ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးနေသလို လဝက တာဝန်ရှိသူများကလည်း မှတ်တမ်းမှတ်ရာများနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးပြီးနောက် နေရပ်အသီးသီးသို့သွားရောက်ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

https://www.facebook.com/narinjara.info/posts/4872424036102968

Leave a Reply

Your email address will not be published.