ရခိုင်တွင် ယခုလအတွင်း ကိုဗစ်လူနာလေးဦးအထိ သေဆုံး

By Development Media Group (DMG)/ 2021 November 27

ရခိုင်ပြည်နယ်တွင် ယခုနိုဝင်ဘာလဆန်းပိုင်းမှ ၂၆ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ လေးဦးသေဆုံးမှုရှိခဲ့ကြောင်း ပြည်နယ်ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ ထုတ်ပြန်သည့် စာရင်းများအရသိရသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့က သံတွဲမြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာတစ်ဦးသေဆုံးခဲ့ပြီး နိုဝင်ဘာလ ၁၅ ရက်နေ့တွင် သံတွဲမြို့နယ်မှ ကိုဗစ်အတည်ပြုလူနာ ၂ ဦးတို့သေဆုံးမှုရှိခဲ့သည်။

ထပ်မံ၍ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ရမ်းဗြဲမြို့နယ်မှ ကိုဗစ်အတည်ပြုလူနာတစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်း ပြည်နယ်ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ စာရင်းကဖော်ပြသည်။

ရမ်းဗြဲမြို့နယ်မှ သေဆုံးခဲ့သည့် ကိုဗစ်အတည်ပြုလူနာမှာ အသက် ၃၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်။

၎င်းမှာ ရမ်းဗြဲမြို့နယ်မှ ကျောက်ဖြူမြို့နယ်ဆေးရုံတွင် သွားရောက်ကုသမှုခံယူနေသူဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးနေသည့် လေးဝတီကုလရက္ခတပရဟိတအသင်း ဥက္ကဋ္ဌ ဦးဂျပန်ကြီးကပြောသည်။

“သူကကျောက်ဖြူဆေးရုံကိုရောက်ပြီး ၂ ရက်အကြာမှာ ဆုံးသွားတာပါ။ သူ့မှာက သွေးတိုး၊ ဆီးချိုရောဂါအခံရှိတယ်။ ကျောက်ဖြူမြို့မှာ ကိုဗစ်ကြောင့်မသေတာ တစ်လကျော်နေပြီ”ဟု ၎င်းကပြောသည်။

ရခိုင်တွင် ကိုဗစ်ကူးစက်မှုလျှော့နည်းလာသော်လည်း သေဆုံးသူများ ဆက်လက်ရှိနေသေးသဖြင့် ကိုဗစ်ကို သတိထားရန်လိုသေးကြောင်းလည်း ၎င်းကဆိုသည်။

ကိုဗစ်တတိယလှိုင်းအတွင်း ရခိုင်ပြည်နယ်တွင် ယခုနိုဝင်ဘာလ ၂၆ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၅၁၅၉ ဦးရှိကာ ယင်းအထဲမှ ဆေးရုံဆင်းခွင့်ရသူ ၄၆၃၇ ဦးနှင့် သေဆုံးသူ ၄၉၈ ဦးရှိကြောင်း ပြည်နယ်ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ သိရသည်။

လက်ရှိတွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ ၂၄ ဦးရှိနေသေးပြီး ၎င်းတို့မှာ စစ်တွေတွင် ၁၇ ဦး၊ အမ်းတွင် ၁ ဦး၊ သံတွဲတွင် ၄ ဦးနှင့် ဂွမြို့နယ်တွင် ၂ ဦးတို့ ဖြစ်ကြသည်။

https://www.facebook.com/dmgnewsagency/posts/2166748290144237

Leave a Reply

Your email address will not be published.