By Development Media Group (DMG)/ 2021 November 6
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်(၁၇)ခုတွင် ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ၁၀ လအတွင်း မီးလောင်မှုကြောင့် သေဆုံးသူ ၃ ဦးရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၇ ဦးရှိခဲ့ကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ယခုနှစ်တွင် မီးလောင်မှုဖြစ်စဉ်စုစုပေါင်း ၄၅ ကြိမ်ဖြစ်ပွားခဲ့ပြီး လူဦးရေ ၃၁၀၀ ကျော် မီးဘေးသင့်ခဲ့ရကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းထိုက်က DMG သို့ ပြောသည်။
“ရခိုင်ပြည်က မီးလောင်မှုဖြစ်စဉ်တွေက မီးပေါ့ဆစွာသုံးစွဲမှုကြောင့် မီးလောင်မှုပိုဖြစ်တာများတယ်။ ဒီနှစ်ထဲမှာဆိုရင် မီးလောင်မှုကြောင့် ကျပ်သိန်း ၇၅၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်”ဟု ၄င်းကဆိုသည်။
ရခိုင်ပြည်နယ်အတွင်း မီးလောင်မှုဖြစ်စဉ်များမှာ မီးဖိုမီး၊ ပေါ့ဆမီး၊ အလိုလျှောက်မီး၊ လျှပ်စစ်မီး၊ ရှို့မီး၊ တောမီးတို့ကြောင့်ဖြစ်ပွားရပြီး မီးဖိုမီးနှင့် ပေါ့ဆမီးတို့ကြောင့် မီးလောင်မှုအများဆုံးဖြစ်ပွားရသည်။
မီးလောင်မှုဖြစ်စဉ်များ လျော့နည်းကျဆင်းစေရန် ပြည်နယ်မီးသတ်ဦးစီးဌာနက ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် အသိပညာပေးမှုများဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
https://www.facebook.com/dmgnewsagency/posts/2150542141764852