ရခိုင်တွင် ယခုနှစ်အတွင်း နေလှန်းဆားထုတ်လုပ်မှုကို နည်းပညာမြှင့်၍ လုပ်ဆောင်နေ

By Western News/ 2021 November 4

ရခိုင်ပြည်နယ်တွင် ယခုနှစ်နေလှန်းဆားထုတ်လုပ်မှုကို ယခင်လုပ်ဆောင်မှုပုံစံများကိုပြောင်း၍ နည်းပညာမြှင့်၍ လုပ်ဆောင်နေကြောင်း ရခိုင်ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်းမှပြောသည်။

ဆားများကို ပလတ်စတစ်နှင့်လှန်းသည့်စနစ်ဖြင့်လုပ်ဆောင်မည်ဖြစ်ပြီး ထိုသို့ထုတ်လုပ်မှုမှာ ဆားအထွက်နှုန်းပိုများပြီး အရည်အသွေးလည်းမြင့်သည်ဟု ရခိုင်ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသန်းဝင်း ကပြောသည်။

“ဒီနှစ်ကတော့ ကျောက်ဖြူနဲ့ပေါက်တောဘက်တွေမှာ စလုပ်တယ်။

ပလတ်စတစ်အိတ်ကတော့ တစ်လိပ်ကို ပေ ၁၂၀ ရှိတယ်။ အနံကတော့ ၁၂ ပေပေါ့။ ဆားလှန်းတဲ့အခါ ဒီပလတ်စတစ်အိတ်ကို ၁၀ ဧကလောက်ဆိုရင် တစ်ဧကလောက်နေလှန်းဖို့အသုံးပြုရတယ်။ ဒီပလတ်စတစ်နဲ့လှန်းရင် မြေမှာလှန်းတဲ့ဆားထွက်နှူန်းထက် ၃၀ ရာခိုင်နှုန်းပိုထွက်တယ်။ အထွက်နှုန်းလည်းများတဲ့အတွက် ဝင်ငွေလည်း ပိုရတာပေါ့” ဟုပြောသည်။

နေလှန်းဆားထုတ်လုပ်မှုအတွက် ယခုကဲ့သို့နည်းပညာမြှင့်တင်မှုကို ရခိုင်ပြည်ဆားလုပ်ငန်းဌာနနှင့် ဆားလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ ရခိုင်ပြည်နယ်မှ ဆားများဈေးကွက်ဝင်နိုင်ရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု သူကဆက်ပြောသည်။

ယခုကဲ့သို့ဆားလုပ်ငန်းအား နည်းပညာပြောင်းလဲထုတ်လုပ်မှူအပေါ် ကျောက်ဖြူမှ ဆားတောင်သူတစ်ဦးဖြစ်သူ ဦးထွန်းကြွယ်က ယခင်နှစ်များတွင် ဆားများကို မြေတွင်သာနေလှန်း၍ ထုတ်လုပ်မှုရှိခဲ့ရာ ဆားတွင်းရွံ့ပါဝင်မှုကြောင့် ဈေးကွက်မဝင်ပဲ တောင်သူများအရှုံးပေါ်ရပြီး ယခုကဲ့သို့နည်းပညာပြောင်းမှုကို ကြိုဆိုသည်ဟု ပြောသည်။

“အရင်တုန်းကဆားထုတ်ရင် မြေမှာပဲနေလှန်းတော့ ဆားမှာရွံ့တွေပါတယ်။ အဲ့တော့ဒီကဆားတွေကဈေးကွက်မဝင်ဘူး။ ကျနော်တို့လည်းလုပ်တာပဲ။ ဒါပေမယ့်အရှုံးပေါ်တယ်။ ကျောက်ဖြူဖက်မှာဆိုရင် ကပိုင်ချောင်းဘက်မှာ ဆားတွင်း ၃၀ လောက်ရှိတယ်။ လုပ်ကိုင်လို့အဆင်မပြေတော့ ခု ဧကနည်းတဲ့တစ်တွင်းလောက်ပဲ လုပ်တော့တယ်။ ဒီနည်းပညာက ဧရာဝတီ၊ တနင်္သာရီဘက်တွေမှာ လုပ်လို့အောင်မြင်နေကြပြီလေ။ ဒီမှာလဲလုပ်ရင်ဖြစ်နိုင်တဲ့အတွက် လုပ်မယ်။ ကျန်တဲ့သူတွေကိုလည်းစည်းရုံးသွားမယ်” ဟုပြောသည်။

ရခိုင်တွင် လိုင်စင်အရ ဆားလုပ်ငန်းလုပ်ကိုင်သည့် ဧကပေါင်း ၄၀၀ ခန့်ရှိပြီး တစ်နှစ်အတိုင်းအတာအတွင်း ဆားအထွက်နှုန်း ပိဿာ သိန်း ၇၀၀ ခန့်ထွက်ရှိသည်ဟု ရခိုင်ပြည်ဆားလုပ်ငန်း ရှင်များအသင်း၏ အချက်လက်များအရသိရသည်။

https://www.facebook.com/westernnewsagency/posts/402728974866946

Leave a Reply

Your email address will not be published.