ရခိုင်တွင် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယသို့တင်ပို့နိုင်ရန် မျိုးစပ်မွေးမြူနေသည့်ဆိတ်မွေးမြူရေး တိုးတက်မှုရှိ

By Narinjara/ 2021 November 17

နောင်ခိုင်အောင်

ရခိုင်တွင် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယသို့တင်ပို့နိုင်ရန် နိုင်ငံခြားမျိုးနှင့် ဒေသမျိုးကို မျိုးစပ်မွေးမြူနေသည့်ဆိတ်မွေးမြူရေးလုပ်ငန်းသည် တိုးတက်မှုရှိနေသည်ဟု မွေးမြူနေသူများက ပြောသည်။

နိုင်ငံခြားဆိတ်မျိုးစိတ်တစ်ခုဖြစ်သည့် “ဂျိတ်နီ”အမျိုးအစားဆိတ်ကို ရခိုင်ဒေသဆိတ်မျိုးစိတ်နှင့် မျိုးစပ်ကာ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာတွင် ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက်မှစတင်ကာ Great plus ဆိတ်မွေးမြူရေးအမည်ဖြင့် စတင်မွေးမြူနေခြင်းဖြစ်သည်။

လက်ရှိတွင် တစ်လကျော်အတွင်း ဆိတ်ကောင်ရေ ၂ဝ ကျော်အထိ တိုးလာနေသည့်အတွက် တိုးတက်မှုရှိနေသည်ဟု မွေးမြူရာတွင်ပါဝင်သူ ဦးမောင်မောင်စောက နိရဥ္စရာကိုပြောသည်။

“ဒီမွေးမြူရေးလုပ်တာက တိုးတက်မှုရှိတယ်လို့ ပြောလို့ရပါတယ်။ အခုဆိုရင် ဝယ်ထားတဲ့ နိုင်ငံခြားမျိုးနဲ့ဖောက်ထားတာ အကောင် ၂ဝ ကျော်နေပြီ။ တစ်လကျော်အတွင်းမှာပေါ့”ဟု ပြောသည်။

အဆိုပါဆိတ်များကို ပြည်တွင်းပြည်ပသို့ တင်ပို့ရောင်းချနိုင်ရန်ရည်ရွယ်၍ စိတ်ပါဝင်စားသူ ၇ ဦးက စုပေါင်း မွေးမြူနေကြခြင်းလည်း ဖြစ်သည်။

ဦးမောင်မောင်စောက “ပြည်တွင်းမှာ လိုအပ်တာထက်ပိုလာရင်၊ မွေးထုတ်နိုင်ရင်တော့ ပြည်ပကိုတင်ပို့သွားမှာပါ။ ပြည်ပဆိုတာကတော့ အဓိကတော့ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတွေကိုပို့နိုင်ဖို့ ရည်ရွယ်ပါတယ်”ဟု ပြောသည်။

ဆိတ်ကောင်ရေ ၁ဝဝ ခန့်ဖြင့်စတင်လုပ်ကိုင်ခဲ့သည့်အဆိုပါမွေးမြူရေးခြံတွင် လက်ရှိ ဆိတ်ကောင်ရေ တစ်ရာကျော်ရှိနေပြီဟုလည်း သိရသည်။

https://www.facebook.com/narinjara.info/posts/4888717977806907

Leave a Reply

Your email address will not be published.