ရခိုင်တွင် ပုဇွန်ခြောက်၊ ငါးခြောက်များ ဈေးနှုန်းမြင့်တက်ပြီး ဝယ်လိုအားကျဆင်းနေ

By Western News/ 2021 November 23

ရခိုင်ပြည်နယ်တွင် ယခု ၂၀၂၁ ခုနှစ်တွင် ပုဇွန်ခြောက်များနှင့် ငါးခြောက်စျေးများမှာ စျေးကောင်းရရှိနေသော် လည်း အရောင်းထိုင်းနေကြသည်ဟု ရောင်းချသူများကပြောသည်။

ဒေါ်လာစျေးမြင့်တက်လာကတည်းက ကုန်စျေးနှုန်းများနည်းတူ ပုဇွန်ခြောက်၊ငါးခြောက်များမှာ စျေးကွက်တွင် စျေးမြင့်တက်လာသော်လည်း စျေးမြင့်တက်မှုကြောင့် ယခင်နှစ်များကဲ့သို့ အရောင်းမသွက် ပဲဖြစ်နေကြသည်ဟု ရောင်းချသူများကပြောသည်။

ယခင်နှစ်က ငါးနီတူခြောက် ၁ ပိဿာ ၈၅၀၀ကျပ်မှ လက်ရှိတွင် ၁၁၀၀ကျပ်၊ လိပ်ကျောက်ခြောက် ၁ပိဿာကို ၁၈၀၀၀ကျပ်မှ လက်ရှိ ၂၃၀၀၀မှ ၂၆၀၀၀ကျပ်၊ ငါးတံခွန်(ငါးသရဲ) ၁ပိဿာကို အရ့ည်အသွေးအလိုက် ၄၀၀၀ကျပ်၊ ၄၂၀၀ကျပ်၊ ၄၅၀၀ ကျပ်အသီးသီးရှိရာမှ ယခု ၄၅၀၀ကျပ်၊ ၅၀၀၀ကျပ်နှင့် ၅၅၀၀ကျပ်ထိ၊ ငပူတင်း ခြောက် ၁ပိဿာကို ၉၀၀၀ ကျပ် မှ ၁၀၀၀၀ကျပ်အပြင် တစ်ခြား ငါးပုတ်သင်ခြောက်၊ ငါးစလုံး (ကြီး)ခြောက် စသည့် တို့မှာလည်း စျေးနှုန်း ၁၀၀၀ ကျပ်မှ ၃၀၀၀ကျပ်အထိစျေးကောင်းရရှိနေကြသည်။

ယင်းပြင် ရွှေပုဇွန်ခြောက်မှာလည်း အရည်းအသွေးအလိုက် ၁ပိဿာလျှင် ယခင် ၃၅၀၀၀ကျပ်၊ ၃၀၀၀၀ကျပ်၊ ၂၈၀၀၀ ကျပ်အထိရှိရာမှ ယခု ၄၀၀၀၀ကျပ်၊ ၃၅၀၀၀ကျပ်၊ ၃၃၀၀၀ကျပ်အထိစျေးကောင်းရရှိနေကြသည်။

ယခုနှစ်တွင် ပြီးခဲ့သည့်နှစ်ကထက် စျေးကောင်းရရှိနေသော်လည်း စျေးမြင့်တက်မှုကြောင့် အရောင်းအဝယ်ထိုင်း နေသည်ဟု စစ်တွေမြို့ မြို့မစျေးရှိ ငါးခြောက်ဒိုင်မှ ဒေါ် ဘုဘုကပြောသည်။

“စျေးတွေက အရင်နှစ်ကထက် စျေးကောင်းရပေမယ့် စျေးတက်လို့ အရောင်းအဝယ်တွေသိပ်မဖြစ်ပါဘူး။ စျေး ကျရင်တော့ နယ်ဖက်တွေက အဝယ်များတယ်။ ခုက စျေးတက်နေလို့ စျေးပြန်ကျရင် ရှုံးမှာကို စိုးရိမ်ကြတယ်။ ဒါကြောင့် သိပ်အရောင်းအဝယ်မဖြစ်ပါဘူး” ဟုပြောသည်။

လက်ရှိတွင် ငါးခြောက်စျေးကွက်ကို စဝင်သည့် အချိန်ဖြစ်သည့်အတွက် တစ်ချို့ငါးခြောက်မှာ စျေးအနည်းငယ် မြင့်တက်နေ၍ အရောင်းအဝယ်ထိုင်းသော်လည်း စစ်းဘေးရှောင်ကယ်ဆယ်ရေးစခန်းများနှင့် အလှူပွဲများမှ မကြာ ခဏလာရောက်ဝယ်ယူချိန်ရောင်းအားကောင်းသည်ဟု ကျောက်တော်မြို့စျေးရှိ ငါးခြောက်ဒိုင်မှ မခင်သန်း နွယ်ကပြောသည်။

“ရခိုင်မှာဆိုရင် ငါးတံခွန်(ငါးသရဲ)ကတော့ ရောင်းအားအသွက်ဆုံးပဲ။ စျေးလည်း အတော်အတန်နဲ့ ရတယ်။ ဘေးဥပါဒ်လည်းမရှိဘူး။ အဲဒါကြောင့် စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းတွေက တစ်ခါဝယ်ရင် ပိဿာ ထောင်လိုက်ဝယ်တယ်။ အလှူပွဲတွေဝယ်တဲ့ အချိန်ဆို ပိုရောင်းကောင်းတယ်။ အဓိကတော့ အလှုပွဲအတွက် ဆိုရင် ပင်လယ်ငါးစလုံးအချို နဲ့ ဗိုက်ခွဲငါးတွေ အဝယ်များပါတယ်” ဟုပြောသည်။

ယခုနှစ်များတွင် ပင်လယ်ပြင်ထဲသို့ ငါးဖမ်းသွားသူများမှာ ယခင်နှစ်များကဲ့သို့ ငါးမရှိတော့ဘဲ ငါးသယံဇာတများ ရှားပါးလာသည့်အပြင် ဆီစျေးလုပ်သားစျေးမြင့်တက်မှုတို့ကြောင့် ငါးခြောက်မှာ ပို၍ စျေးတက်လာနိုင်ခြေရှိ သည်ဟု သံတွဲမြို့၊ ဂျိုက်တောရပ်ကွက်မှ ငါးခြောက်ကုန်သည်တစ်ဦးဖြစ်သည့် ဒေါ်ဝေနုဖြူကပြောသည်။

“ပင်လယ်ထွက်ပြီး ကမ်းဝေးငါးဖမ်းထွက်ရင် အရင်တုန်းက စက်လှေကြီးတွေနဲ့ အပြည့်နီးပါးပဲ။ အလုပ်သမား တွေလည်း များများရတော့ လစာပိုကောင်းကြတယ်။ ဒီနှစ်တွေမှာ ငါးတွေရှားလာတယ်။ အရင်တုန်းက လှေ ၅စီး ထွက်ရင် ခု ၁စီးတောင် အနိုင်နိုင်။ ငါးတွေရှားတော့ ငါးခြောက်လှန်းဖို့ ငါးမရှိဘူး။ ဆီစျေးတွေလည်း တက်တော့ ငါးခြောက်စျေးကပိုမြင့်နိုင်တယ်” ဟုပြောသည်။

ယင်းပြင် လွန်ခဲ့သည့် နှစ်များက ငါးခြောက်များ စျေးကွက်ထဲ ဝင်စအချိန်တွင် တန်ဆောင်မုန်းလ၊ နတ်တော်လ များတွင် စျေးမြင့်သော်လည်း၊ တပို့တွဲ တပေါင်းလများတွင် ပြန်လည်စျေးကျသွားကြောင်းသူမကပြောသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ်အသီးသီးတွင် သံတွဲမြို့၊ ပေါက်တောမြို့နယ် စိုးမဲကျီကျွန်း၊ ဆင်တမော်ကျွန်းတို့ဖက်မှ လာသည့် ငါးခြောက်၊ပုဇွန်ခြာက်တို့အပြင် ပြည်မဖက်ဖြစ်သည့် မြိတ်မြို့နှင့် ရန်ကုန်တိုင်းဖက်မှလာသည့် ငါးခြောက်များကို စျေးကွက်ထဲတွင်ရောင်းချကြသည်။

https://www.facebook.com/westernnewsagency/posts/414962700310240

Leave a Reply

Your email address will not be published.