ရခိုင်တွင် ဆယ်လအတွင်း ကြိုးဆွဲချသေဆုံးမှုနှင့် အဆိပ်သောက်သေဆုံးမှု ၅၇ မှုရှိ

By Development Media Group (DMG)/ 2021 November 9

ရခိုင်ပြည်နယ်တွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလ အထိ ၁၀ လတာအတွင်း ကြိုးဆွဲချသေဆုံးမှုနှင့် အဆိပ်သောက်သေဆုံးမှု စုစုပေါင်း ၅၇ မှုရှိကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယင်းသို့သေဆုံးမှုများတွင် ကြိုးဆွဲချသေဆုံးမှု (၄၉)မှုနှင့် အဆိပ်သောက်သေဆုံးမှု (၈)မှုဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ရုံးမှ ရဲမှူး(မှုခင်းမှတ်တမ်း)မျိုးဝင်းက DMG သို့ပြောသည်။

“ကြိုးဆွဲချသေဆုံးသူတွေက သူရဲ့စိတ်ကျန်းမာရေးအခြေနေကြောင့် သေဆုံးတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ နောက်တစ်ချက်က သူရဲ့စီးပွားရေးအခြေနေကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ရောဂါဝေဒနာတွေကို မခံစားနိုင်တဲ့အတွက် ကိုယ့်ဟာကိုယ့် အဆုံးစီရင်သူတွေလည်းရှိတယ်”ဟု ၎င်းကဆိုသည်။

ကြိုးဆွဲချသေဆုံးသူများထဲတွင် မူးယစ်ဆေးဝါးအလွန်အကျွံသုံးစွဲသူ၊ အရက်သေစာအလွန်အကျွံသောက်စားသူနှင့် စိတ်ကစဉ်ကလျားဖြစ်နေသူများပါဝင်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

“မူးယစ်ဆေးဝါးနဲ့ အရက်သေစာသောက်စားပြီးတော့ မိမိကိုယ်ကိုယ်အဆုံးစီရင်တာ၊ စိတ်ကစဉ်ကလျားဖြစ်ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်တာတွေက ၂၅ ရာခိုင်နူန်းလောက်ရှိတယ်။ စားဝတ်နေရေးအဆင်မပြေလို့ အဆုံးစီရင်တဲ့အမှုကျ အတိအကျပြောလို့မရဘူး”ဟု ရဲမှူးမျိုးဝင်းကပြောသည်။

ရခိုင်ပြည်နယ်တွင် ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ကြိုးဆွဲချသေဆုံးသူစုစုပေါင်း ၇၂ ဦးရှိခဲ့ပြီး အဆိပ်သောက်သေဆုံးသူ ၃ ဦးရှိခဲ့သည်။

https://www.facebook.com/dmgnewsagency/posts/2152894121529654

Leave a Reply

Your email address will not be published.