ရခိုင်တွင် ကိုဗစ်ဖြင့် သေဆုံးမှုမရှိသည်မှာ ၁ ပတ်ရှိပြီ

By Western News/ 2021 November 9

ရခိုင်ပြည်နယ်တွင် နိုဝင်ဘာလ ၂ ရက်နေ့မှ နိုဝင်ဘာလ ၈ ရက်နေ့အထိ ၁ ပတ်အတွင်း ကိုဗစ်ဖြင့် သေဆုံးသူမရှိတော့ကြောင်း ရခိုင်ပြည်နယ်ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်ထိန်းချုပ်ရေးကော်မတီ၏ထုတ်ပြန်ချက်အရသိရသည်။

ရခိုင်တွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ကိုဗစ်ရောဂါကြောင့် နေ့စဉ် ပိုးတွေ့မှုများပြားခဲ့သည့်အပြင် သေဆုံးမှုမှာလည်း နေ့စဉ် ၁၀ ယောက်ကျော်အထိရှိခဲ့သော်လည်း သြဂုတ်လအတွင်းမှစ၍ သေဆုံးမှုလျော့နည်းလာခဲ့သည်။ သြဂုတ်လမှစ၍ ကိုဗစ်ပိုးတွေ့မှုနှင့် သေဆုံးမှု လျော့နည်းသွားသော်လည်း နေ့စဉ် လိုလို ၁ ဦးမှ ၅ ဦးကြား ထိ သေဆုံးမှုရှိခဲ့သေးသည်။

ယခုလ နိုဝင်ဘာလတွင် သေဆုံးမှုမရှိသည်မှာ အနည်းငယ်ကြာနေပြီဖြစ်သော်လည်း ကိုဗစ် ပိုးတွေ့လူနာ ရှိနေ သေးသည်ဟု ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြော သည်။

“ဒီလမှာတော့ သေဆုံးမှုက လျော့လာတယ်။သေဆုံးမှုမရှိတာတောင် နည်းနည်းရှိပြီ။ ဘယ်နေ့ကတည်းကစပြီး မရှိတော့တာတော့ ဆရာပြန်ကြည့်ရဦးမယ်။ သေဆုံးမှုတွေမရှိတော့ပေမယ့် ကိုဗစ်ပိုးတွေ့သူတွေကရှိသေးတယ် ။ ရခိုင်ကမြို့နယ်ထဲမှာဆိုရင်တော့ ဂွမြို့နယ် ကိုဗစ်ပိုးတွေ့သူ အများဆုံးပေါ့။ လက်ရှိဆေးရုံမှာ ကုသဆဲ ၁၂ ဦးရှိ သေးတယ်” ဟုပြောသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းစတင်ဖြစ်ပွားသည့် မေလ ၁၂ ရက်နေ့မှ နိုဝင်ဘာလ ၈ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၄၉၈၄ ဦး နှင့် သေဆုံးသူ ၄၈၆ ဦးရှိပြီး လက်ရှိဆေးရုံတွင် ကုသဆဲလူနာ ၃၅ ဦးရှိသည် ဟုပြည်နယ်ကျန်းမာရေးဦးစီးဌာမှသိရသည်။

https://www.facebook.com/westernnewsagency/posts/406067217866455

Leave a Reply

Your email address will not be published.