By Western News/ 2021 November 5

ရခိုင်တစ်ပြည်နယ်လုံးတွင် လူဦးရေ ၅ သိန်းကျော်အား ကိုဗစ်ကာကွယ်ဆေးထိုးနှံထားပြီး ဖြစ်သည်ဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှပြောသည်။
ရခိုင်ပြည်နယ်တွင် Covishield၊ Sinopharm၊ Sinovac စသည့်ကာကွယ်ဆေးအမျိုးအစားများကို ထိုးပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်လည်’ ကျောင်းသားများနှင့် ပြည်သူများအားဆက်လက်ထိုးနှံလျှက်ရှိသည်ဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန့်ကြားရေးမှူးဒေါက်တာ စိုးဝင်းပိုင်က Western News ကိုပြောသည်။
“ ဆေးထိုးတာကတော့ ၅ သိန်းကျော်လောက်ထိုးပေးထားပြီးဖြစ်တယ်။ အိန္ဒိယနိုင်ငံထုတ် Covishield ကလူဦးရေ ၁ သိန်း ၂ သောင်းကျော်ထိုးပေးခဲ့တယ်။ တရုတ်နိုင်ငံထုတ် Sinopharm က 1st Phase အကြိမ်လူဦးရေ ၉၄၉၀၀ ဦးထိုးပေးခဲ့တယ်။ အခု 2nd Phase အကြိမ်အဖြစ် လူဦးရေ ၁၉၈၀၀၀ ထိုးနှံထားပြီးဖြစ်တယ်။ စစ်ဘေးရှောင်နဲ့ မွတ်ဆလင် IDP Camp တွေက လူဦးရေ ၅၀၀၀၀ ကို Sinovac ထိုးပေးထားတယ်။ ပြီးတော့ ကျောင်းသားတွေကို နိုဝင်ဘာလ ၂ ရက်နေ့အထိ ကျောင်းသားဦးရေ ၁၅၅၂၈၉ ကိုထိုးနှံထားပြီးဖြစ်တယ်။ စုစုပေါင်းတော့ ၅ သိန်းကျော်လောက်ရှိမယ် စာရင်းအတိကျကလုပ်တုန်း”ဟုပြောသည်။
ရခိုင်တွင် ကိုဗစ်ကာကွယ်ဆေးကို ကျန်းမာရေးဝန်ထမ်း၊ သက်ကြီးရွယ်အို၊ ရဟန်းသံဃာများကို ဦးစားပေးအနေ ဖြင့်စတင်ထိုးပေးခဲ့ပြီး နောက်ပိုင်းတွင် အများနှင့်ဆက်ဆံရသည့်အုပ်စုများ၊ လူလတ်ပိုင်းများကို ထိုးနှံပေးခဲ့ကာ လက်ရှိတွင် ၁၂ အောက်ကျောင်းသားများကို ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ကိုဗစ်တတိယလှိုင်းဖြစ်ပွားမှုကြောင့် ရခိုင်ပြည်နယ်တွင် ကိုဗစ်အတည်ပြုလူနာ ၅၀၁၈ ဦးရှိပြီး၊ သေဆုံးလူနာ ၄၉၃ ဦးရှိခဲ့ကာ ကုသဆဲလူနာ ၄၂ ဦးရှိသည်ဟု ရခိုင်ပြည်နယ် ပြည်သူကျန်းမာရေးဦးစီးဌာမှသိရသည်။
ရခိုင်ပြည်နယ်တွင်း ကိုဗစ်ဖြစ်ပွားမှုတွင် ဂွမြို့နယ်မှာ အတည်ပြုလူနာ ၁၁၂၂ ဦးဖြင့်အများဆုံးဖြစ်ပြီး၊ စစ်တွေမြို့နယ်မှာ ၆၁၇ ဦးဖြစ်ကာ၊ ကိုဗစ်တွေ့ရှိသူ ၅၈၂ ဦးဖြင့် ကျောက်ဖြူမြို့နယ်မှာ တတိယအများဆုံး ဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/403411534798690