By Narinjara/ 2021 November 1
မြထွီးသျှင်
ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရအဆင်ပြေစေရန်အတွက် စီမံကိန်းတစ်ခုကိုရေးဆွဲနေသည်ဟု ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
ရခိုင်စစ်ဘေးရှောင်စခန်းများတွင်းရှိ စစ်ဘေးရှောင် ကျောင်းသား၊ ကျောင်းသူများအတွက် Temporary Learning Center (TLC)ဟုဆိုသည့် စီမံကိန်းကို လက်ရှိတွင်ရေးဆွဲနေပြီး ခွင့်ပြုချက်ရပါက စတင်အကောင်အထည်ဖော်သွားတော့မည်ဟု ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး(စီမံ) ဒေါက်တာထွန်းထွန်းသိန်းက ပြောသည်။
“Temporary Learning Center ဆိုတဲ့စီမံကိန်းတစ်ခုကို ရေးဆွဲနေတယ်။ ရေးဆွဲပြီးလို့ အထက်ကခွင့်ပြုချက်ရရင် လုပ်ဆောင်သွားမယ်။ TLC ဆိုတာ လတ်တလော စစ်ဘေးရှောင်တွေနဲ့ အနီးအနားမှာရှိတဲ့ အခက်အခဲဖြစ်နေတဲ့လူတွေကို သင်ကြားပေးဖို့အတွက် သူ့ဘာသာသူ သင်ကြားပေးသွားဖို့အစီအစဉ်ပေါ့”ဟု ပြောသည်။
ရခိုင်တွင် လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် ၈ သောင်းကျော်ကျန်ရှိနေသေးပြီး ယင်းအထဲတွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့်ကျောင်းနေအရွယ်ကလေး အများအပြားလည်း ပါဝင်သည်။
နိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်းများကို ယနေ့တွင်ပြန်လည်ဖွင့်လှစ်နေပြီဖြစ်သော်လည်း ရခိုင်ရှိ အဆိုပါစစ်ဘေးရှောင်စခန်းများမှ ကျောင်းနေအရွယ်ကလေးများတွင် ကျောင်းသုံးဗလာစာအုပ်များ၊ စာရေးကိရိယာများ၊ ကျောင်းစိမ်းဝတ်စုံများနှင့် ကျောင်းအဆောင်များ လိုအပ်လျက်ရှိသည်ဟု သိရသည်။
မြောက်ဦးမြို့နယ် တိန်ညိုစစ်ဘေးရှောင်စခန်းမှ ကျောင်းသားမိခင် ဒေါ်မအေးယဉ်က “ကလေးတွေကျောင်းတက်ဖို့အတွက် ကျောင်းဝတ်စုံတွေ၊ ဗလာစာအုပ်တွေနဲ့ နောက်ထပ်စာအုပ်တွေ ခဲတံဘောပင်တွေကတော့ အခက်အခဲဖြစ်နေတယ်အခု။ အကြာကြီးနေမှ ကျောင်းပြန်တက်ရတော့လေ” ဟု ပြောသည်။
တိန်ညိုစစ်ဘေးရှောင်စခန်းတွင် ကျောင်းသား၊ ကျောင်းသူပေါင်း ၁၀၀ ကျော်ခန့်ရှိပြီး ယနေ့နံနက်ပိုင်းက စခန်းရှိစာသင်ကျောင်းတွင် ကျောင်းအပ်လက်ခံခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ဘေးရှောင်စခန်းများရှိ ကျောင်းသူ၊ ကျောင်းသားများသည် စခန်းတွင်းနှင့် စခန်းနှင့်နီးစပ်သည့်ကျေးရွာများရှိ စာသင်ကျောင်းများတွင် တက်ရောက်ပညာသင်ယူနေကြရသည်ဟု သိရသည်။
သူတို့အတွက် လိုအပ်သည့်ကျောင်းသုံးပစ္စည်းများကိုလည်း အခြားအခြေခံပညာကျောင်းသားများနည်းတူ ပြီးခဲ့သည့်ဇွန်လအတွင်း ကျောင်းများစဖွင့်သည့်အချိန်ကပင် ထောက်ပံံ့ပေးအပ်ထားခဲ့ပြီးပြီဟု ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး(စီမံ) ဒေါက်တာထွန်းထွန်းသိန်းက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း (၁၇)မြို့နယ်အနက် ဂွမြို့နယ်တစ်ခုတည်းမှအပ ကျန်သည့်(၁၆) မြို့နယ်နှင့် နိုင်ငံတစ်ဝန်းရှိကျောင်းများကို ယနေ့တွင် တပြိုင်တည်း ပြန်လည်ဖွင့်လှစ်နေပြီဖြစ်သည်။
https://www.facebook.com/narinjara.info/posts/4837231929622179