By Narinjara/ 2021 November 20
မြထွီးသျှင်
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ကန်စောက်ကျေးရွာအနီး ကန်စောက်တောင်ပေါ်တွင် တစ်ပတ်အတွင်း ယာဉ်မတော်တဆဖြစ်၍ လူ ၂ ဦးသေဆုံးပြီး ၃ဝ ကျော်ဒဏ်ရာရရှိခဲ့သည့်အတွက် ယနေ့နံနက်တွင် အန္တရာယ်ကင်းပရိတ်တရားနာခဲ့ကြသည်ဟု သိရသည်။
ယနေ့ နိုဝင်ဘာလ ၂ဝ ရက် နံနက် ၆ နာရီတွင် သုခမိတ္တာနာရေးကူညီမှုအသင်းက ဦးစီးပြီး သံဃာတော် ၇ ပါးဖြင့် ကန်စောက်တောင်ကို အန္တရာယ်ကင်းပရိတ်တရားနာခဲ့ကြခြင်းဖြစ်သည်။
သုခမိတ္တာနာရေးကူညီမှုအသင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကိုစိုးမင်းထွန်းက “အဓိကကတော့ အန္တရာယ်ကင်းရှင်းစေဖို့အတွက်ပေါ့နော်။ တစ်ပတ်အတွင်းမှာ ယာဉ်တိုက်မှု သုံးကြိမ်တိတိဖြစ်သွားတော့ ဘာသာရေးအရ လုပ်လိုက်တာပါ။ ကမ္မဝါစာ ဖတ်ကြားတာတွေလည်း လုပ်ခဲ့တယ်” ဟု ပြောသည်။
ပရိတ်နာပွဲသို့ ကန်စောက်ကျေးရွာမှ အုပ်ချုပ်ရေးမှူးနှင့် ဒေသခံများ၊ ကန်စောက်တောင်အနီးရှိ တပ်နယ်မြေမှ စစ်တပ်အရာရှိများတက်ရောက်ခဲ့သည်ဟု သိရသည်။
အမြင့်ပေ ၄၄ဝ ပေရှိသော ကန်စောက်တောင်ပေါ်တွင် ယမန်နေ့ နိုဝင်ဘာလ ၁၉ ရက် ညနေ ၃ နာရီခန့်တွင် ဘုရားဖူးကားတစ်စီးသည် စစ်တွေမှ ကျောက်တော်သို့အသွား ကန်စောက်တောင်အဆင်းတွင် မတော်တဆဖြစ်ပွားခဲ့ရာ ထိခိုက်သေဆုံးမှုမရှိခဲ့ဟု သိရသည်။
အလားတူ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၈ ရက် နံနက် ၁၁ နာရီခန့်က မင်းပြားမြို့နယ်မှ ပုဏ္ဏားကျွန်းမြို့ရှိ ဦးရာဇ်တောင်ဘုရားသို့သွားဖူးသည့် ဘုရားဖူးယာဉ်တစ်စီးတိမ်းမှောက်မှုဖြစ်၍ လူ ၂ဝ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယင်းအပြင် နိုဝင်ဘာလ ၁၅ ရက်ကလည်း ကန်စောက်တောင်အတက်တွင် မင်းပြားမြို့နယ်ဘက်မှ ဘုရားဖူးကားတစ်စီးတိမ်းမှောက်မှုဖြစ်၍ အမျိုးသမီး ၂ ဦးသေဆုံး၍ ၁၄ ဦး ဒဏ်ရာရရှိသွားခဲ့သေးသည်။
https://www.facebook.com/narinjara.info/posts/4898277503517621