By Western News/ 2021 November 6
ပြီးခဲ့သည့် အပတ်က ပြန်လည်ဖွင့်လှစ်ခဲ့သည့် ဗုဒ္ဓပြတိုက်နှင့် ယဉ်ကျေးမှုပြတိုက်နှင့် အမျိုးသားစာကြည့်တိုက်အား တစ်ပတ်အတွင်းဝင်ရောက်လေ့လာခဲ့သူ ၂၀၀ ကျော်ရှိခဲ့သည်ဟု ပြတိုက်တာဝန်ရှိသူများမှ သိရသည်။
အဆိုပါ ဗုဒ္ဓပြတိုက်နှင့် ယဉ်ကျေးမှုပြတိုက်တို့ကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဩဂုတ်လ ကတည်းက စတင်ပိတ်ထားခဲ့ရာမှ ယခုနှစ်၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၈ ရက်တွင်ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ပြတိုက်နှစ်ခုလုံးသို့ လာရောက်လည်ပတ် လေ့လာသူများအတွက်လည်း ရှေ့ဟောင်းအမွေအနှစ်များနှင့် သမိုင်းဆိုင်ရာပစ္စည်းများ ခင်းကျင်းပြသထားသလို သုတ၊ ရသစသည့် စာပေမျိုးစုံအား လေ့လာနိုင်ရန် အမျိုးသားစာကြည့်တိုက်ထားရှိကြောင်း ရှေ့ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ထွန်းလှက Western News ကိုပြောသည်။
“ယဉ်ကျေးမှုပြတိုက်ကတော့ တစ်ရက်ပျမ်းမျှ ၁၅ယောက် ၂၀ လောက်ဝင်ရောက်မှုရှိတယ်။ ဗုဒ္ဓပြတိုက်ကလည်း စုစုပေါင်း ၆၀ ကျော်လောက်ဝင်ရောက်မှုရှိတယ်။ ပြတိုက်နှစ်ခုပေါင်းတော့ ၂၀၀ ကျော်လောက်ရှိပါတယ်။ ဒီပြတိုက် နှစ်ခုလုံးမှာ ရခိုင်တွေရဲ့ ရှေးဟောင်းအမွေအနှစ်တွေ၊ ဗုဒ္ဓဆင်းထုတော်တွေအပါဝင် ဗုဒ္ဓအမွေအနှစ်တွေကို ပြသထားပြီး ရှေးဟောင်းစာပေတွေအပါဝင် စာပေမျိုးစုံကိုဝင်ရောက်လေ့လာနိုင်တယ်” ဟုပြောသည်။
အဆိုပါ ပြတိုက်နှစ်ခု၌ ဗုဒ္ဓပြတိုက်တွင် ပြည်တွင်းလေ့လာသူများအား အခမဲ့ကြည့်ရှုခွင့်ပြုထားပြီး ယဉ်ကျေးမှုပြတိုက်အတွင်းရှိ စာကြည့်တိုက်ကို ကလေးများနှင့် ကျောင်းသူ ကျောင်းသားများအား အခမဲ့ဝင်ရောက်လေ့လာခွင့်ပြုထားသည်။
သို့သော်လည်း ၎င်းစာကြည့်တိုက်သို့ ပြည်တွင်းလေ့လာသူများအနည်ဖြင့်လူကြီးတစ်ဦးလျှင် ၂၀၀ ကျပ်ကောက်ခံပြီး နိုင်ငံခြားသားတစ်ဦးလျှင် ၅၀၀၀ ကျပ်ကောက်ခံလျှက်ရှိသည်။
ပြတိုက်များတွင် ရှေ့ဟောင်းအမွေအနှစ်များအားခင်းကျင်းပြသထားခြင်းက ပြည်သူလူထုများအတွက် များစွာဗဟုသုတ ရရှိမှုတွေဖြစ်စေသည်ဟု လာရောက်လေ့လာသူတစ်ဦးဖြစ်သည့် ကိုမောင်ချစ်ဦးက ပြောသည်။
“ပြတိုက်တွေမှာ ရခိုင်ရိုးရာယဉ်ကျေးမှုတွေ လေ့လာခွင့်ရတဲ့အတွက်အရမ်းဝမ်းသာမိပါတယ်။ ပြတိုက်ထဲမှာ ရခိုင်တွေရဲ့ ရှေးခေတ်အိမ်တွေ ပန်းပုလက်ရာအပါဝင် ရှေးဟောင်းအမွေအနှစ်တွေလေ့လာခွင့်ရတော့ပြည်သူတွေအတွက် ကိုယ့်ရိုးရာ ယဉ်ကျေးမှုကို ပိုမိုသိခွင့်ရလာတယ်” ဟုပြောသည်။
အဆိုပါ ပြတိုက်နှစ်ခုလုံးအား တစ်ပတ်တွင် တနင်္လာ တစ်ရက်နှင့် အစိုးရပြန်တမ်းဝင်ရုံးပိတ်များတွင်ပိတ်ပြီး ပုံမှန်အားဖြင့်တစ်ပတ်လျှင် ၆ ရက်ဖွင့်ကြောင်းသိရသည်။
https://www.facebook.com/westernnewsagency/posts/404140168059160