By Western News/ 2021 November 9
မြောက်ဦးမြို့တွင် နန်းတော်ရာကုန်းတတိယတံတိုင်းအပြင်မှပြုလုပ်မည့် ယာယီယာဉ်ရပ်နားမည့်နေရာမှာ လက်ရှိစနစ်တကျရပ်နားမှုမရှိသည့် ယာဉ်များအား စနစ်တကျဖြစ်စေရန်စီစဉ်ခြင်းဖြစ်သည်ဟု မြို့နယ်စည်ပင်နှင့် ပြည်နယ် ရှေးဟောင်းသုတေသနဌာနမှ ပြောသည်။
ယဉ်ရပ်နားမည့်နေရာမှာ နန်းတော်ရာကုန်းနားရှိ ဘောလုံးကွင်းနှင့် ကုန်သည်လမ်း ကြားနေရာဖြစ်ပြီး လက်ရှိခရီး သည်တင်ယာဉ်များရပ်နား၍ အဆင်ပြေစေရန် ရှေးသုနှင့်ညှိနှိုင်းပြီး နေရာတောင်းထားခြင်းဖြစ်သည်ဟု မြောက်ဦးမြို့ စည်ပင်သာယာရေးဦးစီးဌာမှ လက်ထောက်ညွှန်မှူး ဦးရွှေမောင်က ပြောသည်။
“ခုလက်ရှိယာဉ်တွေရပ်နေတာက ဘယ်လိုမှအဆင်မပြေဘူး။ လမ်းဘေးတစ်ဖက်တစ်ချက် ယာဉ်တွေရပ်ထား တော့ သွားရလာရလည်း အဆင်မပြေဘူး။ နေရာစနစ်တကျထားတာမရှိတော့ ပြဿနာလည်းအမြဲတမ်း ဖြစ်ကြတယ်။ အဲဒါကြောင့် ရှေးသုဆီက ဒီမြေနေရာလည်း အဆင်ပြေမလားဆိုပြီး တောင်းပြီးတော့ ယာယီနေရာ လေးလုပ်ဖို့စီစဉ်တာပါ။ ခုတော့ ကားသမားတွေနဲ့ အစည်းအဝေးတော့ လုပ်ထားပြီ” ဟုပြောသည်။
ယာဉ်ရပ်နားမည့် နေရာတွင် ယာဉ်မောင်းသူများထဲမှ ကော်မတီတစ်ခုဖွဲ့စည်းပေးပြီး ဂိတ်လိုအပ်ချက်များအတွက် အဆင်ပြေစေရန် ၎င်းကော်မတီမှ ကားဝင်ကြေးများအား တာဝန်ယူကောက်ခံသွားမည်ဖြစ်သည်ဟု သူကဆက် ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန် ကြားရေးမှူး ဦးဆန်းဝင်းက နန်းရာကုန်းပတ်လည်တွင် စနစ်တကျမဟုတ်ဘဲ ယဉ်များပြန့်ကြဲနေသည့်အတွက် သတ်သတ်မှတ်မှတ်ရှိမည့် နေရာတစ်ခုသတ်မှတ်ခြင်းကပိုကောင်းသည့်အတွက် လုပ်ဆောင်ရန်စီစဉ်ခြင်းဖြစ်သည် ဟု ပြောသည်။
“ ယာဉ်တွေကနန်းရာကုန်းပတ်လည်မှာ ပြန့်ကြဲပြီးရှိနေတော့ ကြည့်ရဆိုးတယ်။ မြို့က ယူနီစကိုဝင်ဖို့ လုပ်နေတယ်။ လာပြီး စစ်ဆေးမှုတွေရှိရင် အမြင်ကမကောင်းဘူး။ ဒီတော့ စနစ်တကျလည်းရှိသွားအောင်ဆိုပြီး ဒီလိုယာဉ်တွေအတွက် သတ်သတ်မှတ်မှတ်နေရာလည်း တစ်ခုလုပ်ဆောင်ဖို့စီစဉ်တာပါ။ မြောက်ဦးမှာက နေရာတိုင်းကတော့ ရှေးဟောင်းမြေတွေပဲပေါ့နော်။ အဆောက်အဦးတွေရွှေ့ရမယ်ဆိုရင်တော့ အကုန်လုံးကို မြို့ထဲကနေရွေ့ရမှာပဲ” ဟုပြောသည်။
မြောက်ဦးမှာ ယူနီစကို ဝင်နိုင်ရေးအတွက် သက်ဆိုင်ရာများမှ ကြိုးပမ်းလုပ်ဆောင်နေသည့် အချိန်ကာလဖြစ်ပြီး ယခုနိုဝင်ဘာလထဲတွင် မြောက်ဦးမြို့တွင်းလမ်းများနှင့် မြို့အဝင်မုခ် ၂ ခုဆောက်လုပ်ရန်တင်ဒါကျထားပြီး ၎င်းလုပ် ဆောင်မှုများအား ရှေးဟောင်းသုတေသနနှင့် ညှိနှိုင်း၍ လုပ်ဆောင်သွားမည်ဖြစ်သည်ဟု မြို့နယ်စည်ပင်ဦးစီးဌာန မှပြောသည်။
https://www.facebook.com/westernnewsagency/posts/405974137875763