By Development Media Group (DMG)/ 2021 November 20
မြေပုံလူငယ်များအသင်းမှ မြို့အဝင်လမ်းတွင်စိုက်ပျိုးထားသော Tabebuia အပင်များကို ဒုတိယအကြိမ်ဖျက်ဆီးခံလိုက်ရကြောင်း အဆိုပါအသင်းမှ ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုစည်သူဝင်းက DMG သို့ ပြောသည်။
Tabebuia အပင် ၄၀ ခန့်ကို မြေပုံမြို့အဝင်တွင်စိုက်ပျိုးထားရာမှ အပင် ၁၀ ကျော်ခန့်မှာအနှုတ်ခံထားရပြီး အချို့အပင်များကိုကာရန်ထားသည့် အကာအရန်များလည်း ဖျက်ဆီးခံထားရကြောင်းသိရသည်။
“အပင်တွေကို ကျွန်တော်တို့သွားမကြည့်ဖြစ်တာ တစ်ပတ်လောက်ရှိပြီမို့လို့ မနေ့ကသွားကြည့်တော့ အပင်တွေဖျက်ဆီးခံထားရတာတွေ့ခဲ့ရတာပါ။ ကျွန်တော်တို့က မြို့အဝင်တစ်လျှောက်ဝင်လာတာနဲ့ အားလုံးမျက်စိပသာဒဖြစ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့ပေမယ့် အခုလိုဖျက်ဆီးခံရတော့ တော်တော်ကြီးစိတ်မကောင်းဖြစ်ရပါတယ်”ဟု ကိုစည်သူဝင်းကပြောသည်။
လက်ရှိတွင် ဖျက်ဆီးခံထားရသည့်အပင်များနေရာတွင် အလှူရှင်များ၏အကူအညီဖြင့် ပြန်လည်ဖြည့်စွက်စိုက်ပျိုးထားကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇူလိုင်လအတွင်းကလည်း စိုက်ပျိုးထားသည့် Tabebuia အပင်များအားလုံး ဖျက်ဆီးခံခဲ့ရသဖြင့် ပြန်လည်စိုက်ပျိုးခဲ့ရကြောင်း မြေပုံလူငယ်များအသင်းမှ သိရသည်။
ယခုကဲ့သို့ မြို့သာယာလှပရေးအတွက် ဆောင်ရွက်ထားသည်ကို ဖျက်ဆီးသည်မှာမဖြစ်သင့်ကြောင်းနှင့် နောက်တစ်ကြိမ်ထပ်မံပြုလုပ်ပါက ရှာဖွေဖော်ထုတ်အရေးယူမှုများလုပ်ဆောင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း မြေပုံမြို့ဒေသခံတစ်ဦးဖြစ်သူ ဦးစောထွီးအောင်က ပြောသည်။
“ပြီးခဲ့တဲ့ရက်တွေက တန်ဆောင်တိုင်ပွဲတွေရှိတော့ လူငယ်တွေသောက်စားပြီး မရည်ရွယ်ပဲဖျက်စီးမိခဲ့ကြတာလို့တော့ထင်ပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ဒါမျိုးကတော့မလုပ်သင့်ဘူးပေါ့။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဘက်ကလည်း စာထုတ်တာတွေဘာတွေလုပ်သွားမှာပါ”ဟု ၎င်းကဆိုသည်။
Tabebuia အပင်၏ မူလပေါက်ရောက်ရာဒေသမှာ တောင်အမေရိကတိုက် ဆူရီနိမ်း၊ ဘရာဇီး၊ ဘော်လီဗီယာ အရှေ့ဘက်၊ ပီရူး၊ ဥရုဂွေးနှင့် အာဂျင်တီးနားမြောက်ဘက်ပိုင်းတို့ဖြစ်ပြီး အဆိုပါအပင်သည် သစ်ခွမျိုးဝင်အပင်ကြီးမျိုးလည်းဖြစ်သည်။
ရခိုင်ပြည်နယ်မှ မြို့နယ်အချို့တွင် Tabebuia အပင်များကို မြို့သာယာလှပရေးအတွက်စိုက်ပျိုးလာကြပြီး အချို့မြို့နယ်များတွင်လည်း ယခုကဲ့သို့ဖျက်ဆီးခံရမှုများနှင့် ကြုံတွေ့ရကြောင်း သိရသည်။
https://www.facebook.com/dmgnewsagency/posts/2161355434016856