မြေပုံတွင် မူလွန်ကျောင်း ပြိုကျမည့် အန္တရာယ်နှင့် ကြုံနေရ

By Western News/ 2021 November 12

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ငမန်းရဲကျွန်းရှိ မှိုက်ချောင်း(ခ) )ဝကောက်ကြီး ကျေးရွာမှ အမကမူလွန်ကျောင်းတွင် ကျောင်းမျက်နှာကြက် ပြိုကျလာနိုင်သည့် အန္တရာယ်နှင့်ရင်ဆိုင်နေရသည်ဟု ကျေးရွာသားများကပြောသည်။

အဆိုပါအခြေခံပညာသင်ကျောင်းမှာ ပြီးခဲ့သည့် ၃ နှစ်ခန့် ကတည်းက ပျက်စီးနေခဲ့ခြင်းဖြစ်ပြီး ကျောင်းမျက်နှာကြက် အပါအဝင်ပြတင်းတံခါးများပါ ပျက်စီးနေပြီဖြစ်၍ ကျောင်းသား၊ သူများ၏ အန္တရာယ်ဖြစ်မည်ကို စိုးိမ်နေကြရသည်ဟု မှိုင်းချောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှစိန်အောင် က Western News ကို ပြောသည်။

“ကျောင်းပျက်စီးနေတာ ၃ နှစ်လောက်ရှိပါပြီ။ မျက်နှာကြက်က ပြိုလုဆဲဆဲပဲ ။ တကယ်လို့ စာသင်နေတုန်း ပြိုကျသွားရင် ကလေးတွေ ထိခိုက်ကုန်မှာ စိုးရိမ်ပါတယ်။ ပြင်ပြီးလုပ်ဖို့ကကျတော့လည်း ပညာရေးဌာနတွေက ခွင့်ပြု ချက်မရဘဲ ကျွန်တော်တို့လည်း မလုပ်ရဲကြပါဘူး”ဟုပြောသည်။

ယင်းမူလွန်ကျောင်း ဆောက်လုပ်ထားသည်မှာ ၁၀ နှစ်ကျော်ခန့်ကြာမြင့်နေပြီဖြစ်သောကြောင့် ပိုမိုပျက်စီးလာနေ ၍ ပြီးခဲ့သည့် စက်တင်ဘာလကုန်တွင် ပြုပြင်ရန်ဖို့ မြို့နယ်ပညာရေးမှူးရုံးကို တင်ပြထားသည်ဟု မှိုက်ချောင်း(ခ) ကျေးရွာ မူလွန်ကျောင်းအုပ်ကြီး ဦးကျော်မင်းထွန်း က Western News ကိုပြောသည်။

“ကျောင်းကပြိုပျက်နေတာကြာနေပါပြီ။ အဲ့ဒါကြောင့်ကျွန်တော်တို့ မြို့နယ်ပညာရေးမှူးရုံးကို ပြုပြင်ဖို့ စက်တင် ဘာ လကုန်ကစာတင် ထားတာရှိပါ။ လက်ရှိထိတော့အကြောင်းမပြန်သေးပါဘူး။ ပြီးခဲ့တဲ့ နှစ်က ကျောင်းပြုပြင်ဖို့ အတွက် ငွေ ၄၅ သိန်းကျပါတယ်။ ဒါပေမယ့် ပြုပြင်မယ့် ကုမ္ပဏီက ၄၅သိန်းနဲ့ မလောက်တဲ့အတွက် ပြန်ပေးလိုက် ပါတယ်။ ကျောင်းကပြိုပျက်နေတာကြာနေတဲ့ အထဲ ကိုဗစ်ကြောင့် ပိတ်ထားရတော့ ပိုပြီးပျက်စီးသွားတာတွေ လည်းပါပါတယ်”ဟုပြောသည်။

ကျောင်းပျက်စီးနေသော်လည်း ကျောင်းသားများမှာ စာသင်နေကြရ၍ စိုးရမ်စရာဖြစ်နေသလို ကျောင်းအကျယ်အဝန်းမှာ ပေ ၃၀ နှင့် ပေ ၄၀ သာရှိသည့်အတွက် ကျောင်းသားများမှာပြွတ်သိပ် ပြီးစာသင်နေရ‌ကြောင်း မူလွန်ကျောင်းအုပ်ကြီး ဦးကျော်မင်းထွန်းက ဆက်ပြောသည်။

အဆိုပါ မူလွန်ကျောင်းမှာ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်ဂီရိမုန်တိုင်းတိုက်ခတ်ပြီး မတ်လက စတင်တည်ဆောက်ထား ခြင်းဖြစ်ပြီး KG တန်းမှ Grade 7 ကျောင်းသား၊ ကျောင်းသူ ၇၄ ဦးတက်ရောက်ပညာသင်ကြားနေကြောင်းသိရသည်။

ကျောင်းပြန်လည် ပြုပြင်ရန်တင်ပြထားမှုနှင့်ပတ်သတ်၍ ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ ဒုညွှန်ကြားရေးမှူး ဒေါက်တာထွန်းထွန်းသိန်းကိုဆက်သွယ် ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခဲ့ခြင်းမရှိခဲ့ပေ။

https://www.facebook.com/westernnewsagency/posts/407956281010882

Leave a Reply

Your email address will not be published.