မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးပြန်ဖွင့်ပြီးနောက် ရက်ပေါင်း ၄ဝကျော်အတွင်း ဒေါ်လာ ၅ သန်းကျော်ဖိုးတင်ပို့နိုင်ခဲ့

By Narinjara/ 2021 November 29

ချစ်အိလှိုင်

ဘင်္ဂလားဒေရှ့်နှင့်မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးစခန်းများပြန်ဖွင့်ပြီး ရက်ပေါင်း ၄ဝကျော်အတွင်း ဒေါ်လာ ၅ သန်းကျော်ဖိုး တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

စစ်တွေနှင့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခု ကုန်သွယ်မှုပြန်လည်စတင်ခဲ့သည့် အောက်တိုဘာ ၁၆ ရက်မှ ယမန်နေ့ နိုဝင်ဘာ ၂၇ ရက်အထိ ဘင်္ဂလားဒေရှ့်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးနည်းလမ်းဖြင့် အမေရိကန်ဒေါ်လာ ၅,၂၃၁,၁၃၉ ဒသမ ၁၈ ဒေါ်လာဖိုး တင်ပို့နိုင်ခဲ့ကြောင်း ရခိုင်ပြည်နယ်ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူးဦးအောင်အောင်က နိရဥ္စရာကို ပြောသည်။

“တိုးတက်မှုရှိတယ်လို့ပြောလို့့ရပါတယ်။ တစ်ခြားနယ်စပ်နဲ့တော့ မတူဘူးပေါ့။

တစ်ခြားနယ်စပ်တွေမှာ ဒီငါးသန်းဖိုးဆိုတာ တစ်လစာတောင်မရှိဘူးလေ။ ဒါပေမယ့် ကျွန်တော်တို့ရခိုင်ဘက်မှာကျတော့ ကုန်သွယ်မှုက နည်းနည်းလေးရယ်။ အရင်ကုန်သွယ်နေကျက တစ်လမှာ အမေရိကန်ဒေါ်လာ ၂ သန်းကျော်ပဲရှိခဲ့တာဆိုတော့ အခုပြန်ဖွင့်ပြီးနောက်ပိုင်းမှာ ပိုပြီးကုန်သွယ်နိုင်ခဲ့တယ်လို့ပြောရမယ်”ဟုပြောသည်။

နယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခုအနက် စစ်တွေရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၃ သန်းကျော်နှင့် မောင်တောနယ်စပ်ကုန်သွယ်ရေးမှ ၂ သန်းခန့်ကုန်သွယ်နိုင်ခဲ့ကြောင်း သိရသည်။

သွင်းကုန်တန်ဖိုးအနေဖြင့် အမေရိကန်ဒေါ်လာ ၂၆,၆၂၈.၂၉ ဒေါ်လာခန့်ဖိုး မြန်မာဘက်သို့ တင်သွင်းခဲ့ကြောင်း ဦးအောင်အောင်က ဆက်ပြောသည်။

ဘင်္ဂလားဒေရှ့်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ အဓိကပို့ကုန်များမှာ ရေချိုငါး၊ ငါးခြောက်၊ ကြက်သွန်နီ၊ ဂျင်း၊ ဇီးယိုမျိုးစုံ၊ မကျည်းသီးနှင့် မကျည်းစေ့တို့ ဖြစ်ကြသည်။

ရေထွက်ပစ္စည်းများထဲမှ ရေချိုငါးအများဆုံးတင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃ ဒသမ ၂ သန်းခန့်ဖိုး တင်ပို့နိုင်ခဲ့သည်ဟုဆိုသည်။

လက်ရှိတွင် မြန်မာ- ဘင်္ဂလားဒေရှ့်နယ်စပ်ကုန်သွယ်ရေးစခန်း ၄ ခုရှိပြီး ယင်းတို့မှာ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း၊ မောင်တောကညင်ချောင်းစီးပွားရေးဇုံ၊ စစ်တွေ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် လွန်ခဲ့သည့် နိုဝင်ဘာ ၂၅ ရက်ခန့် စတင်ကုန်သွယ်သည့် တောင်ကုတ်နယ်စပ်ကုန်သွယ်ရေးစခန်းတို့ဖြစ်သည်။

သို့ရာတွင် မောင်တောမြို့မှ ကညင်ချောင်းစီးပွားရေးဇုံမှာ လမ်းခရီးအခက်အခဲကြောင့် ပြန်ဖွင့်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

https://www.facebook.com/narinjara.info/posts/4928573293821375

Leave a Reply

Your email address will not be published.