မြန်မာစစ်တပ်က ဆက်လက်ထိုးစစ်ဆင်လာပါက တိုက်ပွဲဆက်ဖြစ်မည်ဟု AA ပြောကြား

By Development Media Group (DMG)/ 2021 November 11

ရခိုင်ပြည်၊ မောင်တောမြို့တွင်ဖြစ်ပွားနေသည့် နှစ်ဖက်တိုက်ပွဲနှင့်ပတ်သက်၍ မြန်မာစစ်တပ်က ဆက်လက်ထိုးစစ်ဆင်လာပါက တိုက်ပွဲမှာဆက်ဖြစ်နေမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက DMG သို့ နိုဝင်ဘာ ၁၀ ရက်နေ့ ညပိုင်းတွင် ပြောကြားသည်။

“ရှေ့ဆက်ပြီးတော့ ဘယ်လိုဖြစ်လာမလဲဆိုတာကတော့ မြန်မာစစ်တပ်အပေါ်မှာဘဲမူတည်တယ်။ မြန်မာစစ်တပ်ဖက်ကနေပြီးတော့ ဆက်ပြီးတော့ ထိုးစစ်ဆင်လာမယ်ဆိုလို့ရှိရင်တော့ တိုက်ပွဲကတော့ ဆက်ဖြစ်နိုင်တဲ့အနေအထားရှိတာပေါ့”ဟု ဦးခိုင်သုခက ပြောကြားသည်။

အဆိုပါဖြစ်ပွားခဲ့ရသည့်အကြောင်းအရင်းမှာ ရခိုင်ပြည်နယ် မောင်တောမြို့နယ်(မြောက်ပိုင်း) ဝေလာတောင်ပတ်ဝန်းကျင်အနီး ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့များရှိနေသည့်နေရာကို မြန်မာစစ်တပ်ဘက်မှ ထိုးဖောက်ဝင်ရောက်လာသည့်အတွက် မိနစ်အနည်းငယ်ကြာသည်အထိ နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နှစ်ဖက်ထိတွေ့တိုက်ခိုက်မှုများအတွက် ထိခိုက်ကျဆုံးမှုအသေးစိတ်ကို လတ်တလောတွင်မသိရသေးကြောင်း၊ သို့သော်လည်း ယခုကိစ္စနှင့်ပတ်သက်၍ နှစ်ဖက်ကြားခံလူများမှတဆင့် ညှိနှိုင်းနေကြကြောင်းနှင့် လက်ရှိအချိန်တွင် နှစ်ဖက်တပ်များ စစ်ရေးအရတင်းမာနေသည့်အနေအထားတွင်ရှိကြောင်း နိုဝင်ဘာ ၁၀ ရက် ညပိုင်းတွင် ရက္ခိုင့်တပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ၏ ပြောကြားချက်အရသိရသည်။

https://www.facebook.com/dmgnewsagency/posts/2153913081427758

Leave a Reply

Your email address will not be published.