မောင်တောမှာ စစ်တပ်နဲ့ AA ကြား ပစ်ခတ်မှုထပ်ဖြစ်

By VOA/ 2021 November 11

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်းမှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား နိုဝင် ဘာလ ၁၁ ရက်နေ့မှာလည်း တိုက်ခိုက်တာရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ၁၀ ရက်နေ့ကလည်း အဲဒီဘက်မှာ နှစ်ဘက်ကြား တိုက်ပွဲဖြစ်ခဲ့ပါတယ်။ တနှစ်ကျော်ကြာ တိုက်ပွဲတွေ ရပ်တန့်ထားတဲ့ ရခိုင်ပြည်နယ် မှာ အခုလိုတိုက်ပွဲတွေ ဖြစ်လာတာကြောင့် တိုက်ပွဲဖြစ်နေတဲ့ နေရာအနီးမှာ ရှိတဲ့ကျေးရွာသားတွေအနေနဲ့ စိုးရိမ်နေကြတာပါ။ ရန်ကုန်ကလာတဲ့ ဒီသတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

မောင်တောမြို့နယ်မြောက်ပိုင်း မင်းခမောင်းကျေးရွာအုပ်စုနဲ့ ငါးရန့်ချောင်း ကျေးရွာအုပ်စုအနီးမှာရှိတဲ့ တောင်တန်းတွေပေါ်မှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်ကောင်စီတို့ နိုဝင်ဘာ ၁၁ ရက် မနက်ပိုင်းလောက်က တိုက် ပွဲဖြစ်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ အနီးမှာရှိတဲ့ မင်းခမောင်းဒေသခံတဦးကတော့ လက်နက်ငယ်သံတွေ မိနစ်အနည်းငယ် ကြားလိုက်တယ်လို့ ပြောပါတယ်။

“ဒီနေ့ ၁၁ နာရီလောက်မှာဖြစ်တာ ကြီးကြီးမားမားတော့မဟုတ်ဘူး။ ၁၅ မိနစ်လောက်ပဲဖြစ်တာ။ လက်နယ်ငယ်သံတွေလောက်ပဲ ကြားရတယ်။”

ဗုဒ္ဓဟူးနေ့ကလည်း မောင်တောမြို့နယ်မြောက်ပိုင်း ဝေလာတောင်အနီးမှာရှိတဲ့ ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့ဝင်တွေရှိတဲ့ နေရာတွေကို တပ်မတော်ဘက်က ဝင်ရောက်လာတာကြောင့် တိုက်ပွဲဖြစ်ခဲ့ပြီး ကြားဝင်ညှိနှိုင်းတာတွေ ရှိနေပေမယ့် နှစ်ဘက်အဖွဲ့တွေကြား စစ်ရေးတင်းမာနေတဲ့ အနေအထားမှာရှိတယ်လို့ AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကို ပြောထားပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ARSA အကြမ်းဖက်အဖွဲ့တွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဗွီအိုအေကိုပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလရွေးကောက်ပွဲ မတိုင်ခင်ကတည်းက စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား နားလည်မှုနဲ့ အပစ်ရပ်ထားတာ တနှစ်ကျော်ရှိလာပြီးတဲ့နောက် မနေ့ကစပြီး တိုက်ပွဲတွေ ပြန်ဖြစ်လာတာပါ။ အခုလို တိုက်ပွဲတွေ ဖြစ်လာတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ လက်ရှိ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာ အနီးမှာရှိတဲ့ မင်းခမောင်းဒေသခံတဦးက ပြောပါတယ်။

“ကျနော်တို့က ဒီမှာနေတာ နှစ်ပေါင်း ၁၀ ကျော်ရှိနေပြီ။ သေနတ်သံက တခါမှမကြားဖူးဘူး။ အဲဒါကြောင့် ရွာသားတွေက စိုးရိမ်တာပေါ့။”

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ၂၀၁၈ အကုန်ပိုင်းလောက်ကစပြီး ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်ခဲ့တာကြောင့် ဒေသခံ ၂ သိန်းကျော်လောက် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသလို လက်ရှိအချိန်ထိလည်း နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးဒုက္ခသည်တွေ တသိန်းနီးပါး ရှိနေပါသေးတယ်။

https://www.facebook.com/VoA.Burmese.News/posts/10159535382010170

Leave a Reply

Your email address will not be published.