မောင်တောမြို့နယ်တွင် MPTအင်တာနက်ဆက်သွယ်မှုပြတ်တောက်လျှက်ရှိနေ

By Western News/ 2021 November 23

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ယနေ့ နိုဝင်ဘာ ၂၃ ရက်နေ့ နံနက် ၇ နာရီခွဲခန့်ကတည်းကစပြီး အင်တာနက်ဆက်သွယ်မှုပြတ်တောက်လျှက်ရှိသည်ဟု ဒေသခံများကပြောသည်။

မောင်တောမှာ ယနေ့နံနက်အစောပိုင်းကတည်းက အင်တာနက်ဆက်သွယ်မှု ပြတ်တောက်နေတာဖြစ်ပြီး အင်တာနက် ပြတ်တောက်မှုကြောင့် သတင်းအချက်အလက်များကို မသိရှိရသလို အလုပ်လုပ်ကိုင်ရာတွင်လည်း ခက်ခဲမှုတွေရှိနေကြကြောင်း မောင်တောမြို့နယ် သက်လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း ပြန်ကြားရေးတာဝန်ခံ ကိုကျော်အေးမောင်က Western News ကိုပြောသည်။

“အင်တာနက်လှိုင်းတွေ ပြက်တောက်နေတာက ဒီနေ့နံနက်စောစောကတည်းက ပြတ်နေတာပါ။ နံနက် ၇ နာရီခွဲလောက်ကတည်းကနေ ပြတ်နေတာ။ Mytel ကတော့ အင်တာနက် ရတယ်လို့ကြားတယ်။ ကျွန်တော်တို့က တော့ MPT ဆင်းကတ်ပဲသုံးတာပါ။ အင်တာနက်ပြတ်တောက်နေတော့ ကမ္ဘာကြီးနဲ့အဆက်ပြတ်နေသလိုပေါ့။ ဘာသတင်းအချက်လက်မှလည်းမရဘူး။ နောက်တစ်ခုက အခုခေတ်မှာ အကုန်လုံးနီးပါးက အလုပ်ကိုအင်တာနက်နဲ့လုပ်လာကြတော့ အခုလိုအင်တာနက်ပြက်နေရင် တော်တော်လည်း အခက်အခဲတွေဖြစ်စေတယ်” ဟုပြောသည်။

မြို့ပေါ်ရပ်ကွက်များတွင် Mytel အင်တာနက်ဆက်သွယ်မှုရရှိသော်လည်း မောင်တောမြို့နယ်မြောက်ပိုင်းရွာများတွင် MPT ဆင်းကတ်ကိုသာအသုံးပြုသူများပြားသဖြင့် ရွာများတွင်အင်တာနက်လှိုင်း ပြတ်တောက်မှုတွေဖြစ်ပေါ်နေသည်ဟု မောင်တောမြို့နယ်၊ တစ်တုံးနားခွဆုံကျေးရွာအုပ်ချုပ်ရေးမှူးဦးထွန်းရွှေက Western News ကိုပြောသည်။

“အင်တာနက်ပြတ်တောက်နေတာက ဟုတ်ပါတယ်။ နံနက်စောစော ၇ နာရီခွဲ လောက်ကနေပြတ်သွားတာပါ။ ကျွန်တော်တို့ မောင်တောမြို့နယ် မြောင်းပိုင်းကရွာတွေမှာက Mytel တာဝါတိုင်တွေသိပ်မရှိတော့မသုံးကြဘူး။ အကုန်လုံးနီးပါးက MPT ဆင်းကတ်ပဲသုံးကြတော့ MPT ကအင်တာနက်ပြတ်နေတော့ သတင်းအချက်အလက် ဘာမှမသိရဘူးဖြစ်နေတယ်” ဟုပြောသည်။

မောင်တောမြို့နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ ရက်နေ့က အင်တာနက်လှိုင်းပြတ်တောက်မှုတွေရှိခဲ့သည်ဟု ဒေသခံများကပြောသည်။

https://www.facebook.com/westernnewsagency/posts/414968266976350

Leave a Reply

Your email address will not be published.