မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ယခုလအတွင်း ကန်ဒေါ်လာ ၁၂ သိန်းခန့်အထိ ကုန်သွယ်မှုပြုနိုင်ခဲ့

By Development Media Group (DMG)/ 2021 November 26

ရခိုင်ပြည်နယ်၊ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နိုဝင်ဘာ ၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကန်ဒေါ်လာ ၁၂ သိန်းခန့်အထိ ကုန်ပစ္စည်းတင်ပို့မှုရှိခဲ့ကြောင်း စခန်းတာဝန်ရှိသူထံမှ သိရသည်။

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ တစ်ရက်လျှင်ပို့ကုန်တန်ဖိုးမှာ ကန်ဒေါ်လာ ၅ သောင်းခန့်ရှိကြောင်း မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသာထွန်းစိန်က DMG သို့ပြောသည်။

“ပို့ကုန်တွေကတော့ ရေထွက်ပစ္စည်းပိုများပါတယ်။ တစ်ရက်ကို ပျမ်းမျှအားဖြင့် ဒေါ်လာ ၅ သောင်းခန့်ရှိတယ်။ နောက်ထပ်လည်းကုန်သွယ်မှုအပိုင်းတွေ တိုးတက်လာနိုင်တဲ့အနေထားမှာရှိပါတယ်”ဟု ၎င်းကဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ တင်ပို့နေသည့်ကုန်ပစ္စည်းများမှာ ငါးမြစ်ချင်း၊ ငါးခြောက်၊ ကြက်သွန်နီ၊ ဇီယို၊ ကွမ်းသီး စသည့်ကုန်ပစ္စည်းများဖြစ်ပြီး သွင်းကုန်များမှာ မီးဖိုချောင်းသုံးပစ္စည်းများ၊ ပလက်စတစ်၊ ရေတိုင်ကီနှင့် လူသုံးကုန်ပစ္စည်းများ ပါဝင်သည်။

ပြီးခဲ့သည့်အောက်တိုဘာလ ၂၀ ရက်မှ ၃၁ ရက်အထိ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ ကန်ဒေါ်လာ ၃ သိန်း ၅ သောင်းကျော်အထိ ကုန်သွယ်မှုပြုနိုင်ခဲ့ကြောင်း ဦးသာထွန်းစိန်က ပြောသည်။

ကိုဗစ်တတိယလှိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းက စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် မောင်တောနယ်စပ်ကုန်သွယ်ရေး စခန်းတို့ကို ဇူလိုင်လ ၁၅ ရက်နေ့မှစ၍ ယာယီပိတ်ထားခဲ့သည်။

ယင်းနောက် အောက်တိုဘာ ၁၃ ရက်နေ့တွင် နယ်စပ်ကုန်သွယ်ရေးစခန်းများကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့သည်။ မောင်တော ကညင်ချောင်းစီးပွားရေးဇုန်အတွင်း လမ်းပျက်စီးမှုများရှိနေ၍ မူလကုန်သွယ်မှုပြုခဲ့သည့်နေရာသို့ပြောင်းလဲကုန်သွယ်ခဲ့သဖြင့် အောက်တိုဘာ ၂၀ ရက်နေ့မှသာ ကုန်သွယ်မှုပြုနိုင်ခဲ့သည်။

https://www.facebook.com/dmgnewsagency/photos/a.585201308298951/2165907963561603/

Leave a Reply

Your email address will not be published.