မောင်တောနယ်စပ်ကုန်သွယ်ရေး ကုန်မရ၍ ကုန်သွယ်မှုတန်ဖိုးကျဆင်း

By Narinjara/ 2021 November 5

ချစ်အိလှိုင်

ရခိုင်ပြည်နယ် မောင်တောမြို့ရှိ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းကိုပြန်ဖွင့်ပြီးဖြစ်သော်လည်း ကုန်ပစ္စည်းများမရ၍ ကုန်သွယ်မှုတန်ဖိုးကျဆင်းနေကြောင်း သိရသည်။

အဆိုပါစခန်းကို အောက်တိုဘာလ ၂ဝ ရက်မှစတင်ပြန်လည်ဖွင့်လှစ်၍ ဘင်္ဂလားဒေ့ရှ်နှင့်ကုန်သွယ်မှုလုပ်ဆောင်ခဲ့သော်လည်း ကုန်ရရှိခြင်းမရှိသဖြင့် ကုန်သွယ်မှုအင်အားကျဆင်းနေခြင်းဖြစ်ကြောင်း မောင်တောနယ်စပ်ကုန်သွယ်ရေးကုန်သည်များအသင်း ဒုဥက္ကဋ္ဌဦးအောင်စံသိန်းက နိရဥ္စရာအားပြောသည်။

“နိုဝင်ဘာလ ၁ ရက်နေ့ကတည်းက စက်လှေတစ်စီးထွက်ဖို့တောင် မရနိုင်ဘူး။ ကုန်ပစ္စည်း စီးဆင်းမှုနည်းတယ်” ဟု ပြောသည်။

မောင်တောသို့လာမည်ဆိုပါက ကုန်သယ်ယူစရိတ်မြင့်မား၍ မလာကြတော့ဘဲ စရိတ်စခနည်းသည့် စစ်တွေဘက်မှသာ ကုန်သွယ်နေကြသည့်အတွက် ကုန်ရရှိခြင်းမရှိတော့ခြင်းဖြစ်သည်ဟုလည်း ဆက်ပြောသည်။

ရခိုင်ရှိ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း၊ မောင်တော ကညင်ချောင်းစီးပွားရေးဇုံနှင့် စစ်တွေမြို့ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းတို့ကို ကိုဗစ်ကပ်ရောဂါကြောင့် ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်တွင် ပိတ်ထားခဲ့ရသည်။

ယင်းအနက် ကညင်ချောင်းစီးပွားရေးဇုံနှင့် စစ်တွေ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းတို့ကို ပြီးခဲ့သည့်အောက်တိုဘာလ ၁၃ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း ကညင်ချောင်းစီးပွားရေးဇုံမှာ လမ်းများပျက်စီးနေ၍ ကုန်သွယ်မှုမလုပ်နိုင်သဖြင့် လက်ရှိတွင် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် စစ်တွေ ရွှေမင်းဂံ နယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခုကိုသာ ဖွင့်လှစ်ကုန်သွယ်နေခြင်းဖြစ်သည်။

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ အောက်တိုဘာ ၂ဝ ရက်မှ ၃၁ ရက်အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒဿမ ၄၆ သိန်းခန့်နှင့် သွင်းကုန်တန်ဖိုး ဒေါ်လာ ၇ ထောင်ကျော်ခန့် ကုန်သွယ်နိုင်ပြီဟု မောင်တောနယ်စပ်ကုန်သွယ်ရေးကုန်သည်များအသင်း ဒုဥက္ကဋ္ဌဦးအောင်စံသိန်းက ပြောသည်။

စစ်တွေ ရွှေမင်းဂံ နယ်စပ်ကုန်သွယ်ရေးစခန်းမှ အောက်တိုဘာ ၂ဝ ရက်မှ နိုဝင်ဘာ ၃ ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒဿမ ၃၆ သန်းခန့်နှင့် သွင်းကုန်တန်ဖိုးမှာ ဒေါ်လာ ၃၅ဝဝ ခန့်ရှိခဲ့ကြောင်း စစ်တွေမြို့ နယ်စပ်ကုန်သွယ်ရေးစခန်းမှ သိရသည်။

ရခိုင်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အဓိကပို့ကုန်များမှာ ကြက်သွန်၊ ငါးခြောက်၊ ကွေကာအုပ်၊ မကျည်းသီး၊ မကျည်းစေ့၊ သနပ်ခါးနှင့် လူကြီးစီးဖိနပ်များဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံမှသွင်းကုန်များမှာ ပလပ်စတစ်ပစ္စည်းများနှင့် ရေတိုင်ကီဗူးများဖြစ်ကြကြောင်း သိရသည်။

https://www.facebook.com/narinjara.info/posts/4849578105054228

Leave a Reply

Your email address will not be published.