မောင်တောခရိုင်ရှိ မွတ်ဆလင်များအား တရားဝင်ခွင့်ပြုချက်ယူပြီးမှသာ ခရီးသွားရန် အမိန့်ထုတ်

By Western News/ 2021 November 26

ရခိုင်ပြည်နယ် မောင်တောခရိုင်ရှိ မြို့နယ်များတွင်နေထိုင်ကြသည့် မွတ်ဆလင်လူမျိုးများအား တရားဝင်ခွင့်ပြုချက်ယူပြီးမှသာ မြို့နယ်၊ ပြည်နယ်၊ တိုင်းကျော်လွန်၍ ခရီးသွားလာခွင့်ပြုမည်ဟု ဘူးသီးတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမိန့်စာထုတ်သည်။

ထုတ်ပြန်ချက်တွင် မွတ်ဆလင်လူမျိုးများခရီးသွားလာရာတွင် သွားလာခွင့် ပုံစံ(၄) ယူရန်ပျက်ကွက်လျက်ရှိကြပြီး ၄င်းမှာ မြို့နယ်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်နိုင်သည့်အတွက် ခွင့်ပြုချက်ပါမှသာ သွားလာခွင့်ပြုရန်ဟုထုတ်ပြန်ချက်ရေးသည်။

ထုတ်ပြန်သည့်အမိန့်မှာ နိုဝင်ဘာ ၂၅ ရက်နေ့မှစ၍ ၂ လပြည့်သည့်နေ့အထိအတည်ဖြစ်ပြီး အမိန့်ကိုလိုက်နာမှုမရှိပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ တို့အရအရေးယူဆောင်ရွက်မည်ဖြစ်ဟု ဖော်ပြသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မွတ်ဆလင်ကျောင်းသား ခေါင်းဆောင်း ကိုဇော်မင်းထွန်းက ထိုသို့ထုတ်ပြန်ခြင်းမှာ မွတ်ဆလင်လူမျိုးများအား လှောင်ပိတ်သကဲ့သို့ဖြစ်နေသည်ဟု ပြောသည်။

“ဒီလိုမျိုး အရင်ကလည်းလုပ်ဖူးတယ်။ ပြောရမယ်ဆိုရင် ဒီလိုမျိုးလုပ်တာက မွတ်ဆလင်လူမျိုးတွေကို လှောင်ပိတ်အောင်လုပ်တဲ့ အမိန့်တစ်ခုလို့မြင်တယ်။ ဒုက္ခရောက်အောင်လုပ်သလိုလည်းဖြစ်တယ်။ နောက်ပြီး စီးပွားရေး၊ ကျန်းမာရေးပိုင်း အပိုင်းတွေမှာ အခက်ခဲတွေဖြစ်လာနိုင်တယ်” ဟုပြောသည်။

ထိုသို့ထုတ်ပြန်မှုမှာ နိုင်ငံသားစိစစ်ရေးကဒ်မရှိသည့်သူနှင့် နိုင်ငံသားစိစစ်ရေးမဲခံကဒ် မရှိသည့် သူများအားရည်ညွှန်းခြင်းဖြစ်မည်ဟု ထင်ကြောင်း ဘူးသီးတောင်မြို့နယ်မှ ဦးရော်ဖီး က ပြောသည်။

“ခရီးသွားမယ်ဆိုရင် သွားလာခွင့် ပုံစံ ၁၄ ကယူရတာကတော့ရှိပါတယ်။ ယူရတာက အားလုံးတော့မဟုတ်ဘူး နိုင်ငံသားစိစစ်ရေးကဒ်မရှိတဲ့သူတွေ၊ မဲခံကဒ်မရှိသူတွေပဲယူရတာ။ ဒီထုတ်ပြန်ချက်ကလည်း သူတို့အတွက်ပဲထင်ပါတယ်” ဟုပြောသည်။

အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် မောင်တောခရိုင်အုပ်ချုပ်ရေးမှူးအား ဖုန်းအကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း အစည်းဝေးလုပ်နေ၍ နောက်မှ ဆက်သွယ်ရန်ပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ်တွင် နေထိုင်သည့် မွတ်ဆလင်လူဦးရေမှာ၂၀၁၉ ခုနှစ်အထိ ၆ သိန်းခန့်ရှိပြီး ၎င်းတို့မှာ မြန်မာနိုင်ငံ၌ ပြဋ္ဌာန်းထားသည့် ၁၉၈၂ နိုင်ငံသားဥပဒေအရ နိုင်ငံသားဖြစ်ခွင့်မရှိသူများဖြစ်ကြောင်းရေးသားထားသည်။

https://www.facebook.com/westernnewsagency/posts/416947216778455

Leave a Reply

Your email address will not be published.